ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့၇ မြို့ကို တိုက်ခိုက်သိမ်းယူထားသည့် တအာင်းအမျိုးသားတပ်မတော် (TNLA) က တအာင်းအမျိုးသားတိုင်း စစ်မှုထမ်းရမည့် ဥပဒေကို ဖေဖော်ဝါရီ ၄ တွင် တရားဝင်ထုတ်ပြန်လိုက်သည်။ အဆိုပါ ဥပဒေအရ အသက် ၁၆ နှစ်မှ ၃၅ နှစ်အတွင်းရှိသော တအာင်း/ပလောင် အမျိုးသားတိုင်း စစ်မှုထမ်းရမည်ဖြစ်ပြီး ညီအစ်ကို နှစ်ဦးနှင့်အထက်ရှိသည့် တအာင်းမိသားစုတစ်စုလျှင် အမျိုးသားတစ်ဦး TNLA တပ်ဖွဲ့အတွင်း မဖြစ်မနေ ဝင်ရောက်ရမည်ဟု သိရသည်။

သို့သော် ညီအစ်ကိုနှစ်ဦးအနက် တစ်ဦးမှာ သာသနာ့ဘောင်အတွင်း ဝင်ရောက်နေသူ၊ ကျန်းမာရေး ချို့ယွင်းသူ ဖြစ်နေပါက နှစ်ဦးလုံး စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရမည် ဖြစ်သည်။ အသည်းရောင်အသားဝါ B ပိုး၊ C ပိုး ရှိသူများမှာလည်း စစ်မှုထမ်းအမိန့်မှ ကင်းလွတ်မည်ဖြစ်ပြီး အခြားရောဂါရှိသူများမှာ စစ်မှုထမ်းရမည်ဟု သိရသည်။

အမျိုးသမီးများအနေဖြင့် မောင်နှမ ၃ ဦးအထက်ရှိလျှင် တစ်ဦး စစ်မှုထမ်းရမည်ဖြစ်သော်လည်း မိသားစုထဲမှ တစ်ဦးမှာ အရပ်ဘက်အဖွဲ့အစည်းတွင် ဗဟိုကော်မတီဝင်အဖြစ် လုပ်ကိုင်နေလျှင် စစ်မှုထမ်းခွင့် ကင်းလွတ်မည် ဖြစ်သည်။ တအာင်းလူမျိုးမဟုတ်သူများဆိုလျှင် TNLA ၏ နိုင်ငံရေးနှင့် စစ်ရေးရပ်တည်ချက်များကို လက်ခံသူတိုင်း စစ်မှုထမ်းနိုင်သည်ဟု ဆိုသည်။

စစ်မှုထမ်းဥပဒေအပေါ် တအာင်းလူငယ်အများစုက အပြုသဘောဆောင်သည့် မှတ်ချက်များပေးကာ ထောက်ခံသူများရှိကြသလို ဝေဖန်မှုအချို့လည်း တွေ့ရသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။ မိသားစုအတွင်း အခက်အခဲရှိနေသူတို့ကို နားလည်ပေးသင့်သည်၊ စစ်မှုထမ်းရမည့်သက်တမ်းလည်း သတ်မှတ်ထားခြင်းမရှိဟု ဝေဖန်မှုအချို့ရှိနေကြောင်း အထက်ပါ အမျိုးသမီးက ဆိုသည်။

“ဒါက အမျိုးသားရေးကိစ္စဖြစ်တဲ့အတွက်ကြောင့် တာဝန်ထမ်းဆောင်ရမယ်ဆိုတဲ့ စိတ်နဲ့ တချို့လူငယ်တွေက သိပ်ပြီးကန့်ကွက်တာမရှိဘူး။ ဒါပေမဲ့ တချို့က စစ်မှုထမ်းဥပဒေလို့ ပြောလိုက်တဲ့နေရာမှာ ဘယ်နှနှစ် တာဝန်ထမ်းဆောင်ရမယ်ဆိုတာ မပါတော့ တချို့လူငယ်တွေက ထောက်ပြတာ တွေ့ရတယ်” ယခင်ကပင် ဖော်ဆောင်နေသည့် ဥပဒေဖြစ်ပြီး တအာင်းပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိစေရန် တရားဝင်ထုတ်ပြန်ခြင်းဖြစ်နိုင်ကြောင်း TNLA သိမ်းပိုက်ထားသည့် နမ့်ခမ်းမြို့မှ ဝါရင့်နိုင်ငံရေးသမား အမျိုးသားတစ်ဦးက ပြောသည်။

ထုတ်ပြန်ချက် တရားဝင်ထွက်ပေါ်လာသော်လည်း မြေပြင်တွင် စစ်မှုထမ်းရန် တိုက်ရိုက်ဆင့်ခေါ်ခြင်း၊ အိမ်တိုင်ရာရောက် ခေါ်ဆောင်ခြင်းမျိုး မတွေ့ရသေးကြောင်း ၎င်းက ဆက်ပြောသည်။ “အခုလို ထုတ်ပြန်ပြီးတဲ့ နောက်မှာတော့ သူတို့ကိုယ်တိုင် လိုက်ခေါ်မယ့်ပုံတော့ မရှိသေးဘူးထင်တယ်။ ဒါပေမဲ့ သွယ်ဝိုက်တဲ့နည်းနဲ့ ကျေးရွာတွေကို ညှိနှိုင်းပြီးမှ လုပ်မလားဆိုပြီး အသံတွေတော့ အမျိုးမျိုးကြားရတယ်၊ အခုချိန်အထိတော့ မလုပ်သေးဘူး” ဟု အဆိုပါ အမျိုးသား က ဆိုသည်။

ထို့ပြင် TNLA အနေဖြင့် စစ်သားစုဆောင်းရာတွင် ဥပဒေထုတ်ခြင်းထက် စည်းရုံးခြင်းဖြင့် ပိုမိုလုပ်ဆောင်သင့်ကြောင်းလည်း ၎င်းက ထောက်ပြပြောဆိုသည်။ စစ်မှုထမ်းဥပဒေကို ဝေဖန်မှုတချို့နှင့် ပတ်သက်ပြီး ပိုမို သိရှိနိုင်ရန် TNLA ၏ ပြောခွင့်ရရုံးနှင့် ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီးတားအိုက်ကျော်က ပြောသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးအတွက် ၁၉၅၈ ခုနှစ်မှ စတင်ကာတော်လှန်ရေးစတင်ခဲ့ပြီး ၂၀၁၁ တွင် TNLA ကို သွေးသစ်လောင်းကာ ပြန်လည်ဖွဲ့စည်းခဲ့ကာ ယနေ့တွင် အင်အား ၈၀၀၀ မှ ၁၀၀၀၀ ကြား ရှိနိုင်သည်ဟု လေ့လာသူများက သုံးသပ်ထားကြသည်။ TNLA သည် တပ်မဟာ ၇ ခု၊ တပ်ရင်း ၃၈ ရင်း ဖွဲ့စည်းထားပြီး တစ်ရင်းလျှင် အင်အား ၁၀၀ မှ ၁၅၀ ကြား ရှိမည်ဟု ခန့်မှန်းရကာ ခေတ်မီချေမှုန်းရေး ရိုင်ဖယ်များ တပ်ဆင်ထားနိုင်ကာ အကူပစ်လက်နက်အနေနှင့် ၆၀ မမ၊ ၁၀၇ မမတို့ကို သုံးစွဲနိုင်သည်ကို တွေ့ရကြောင်း လေ့လာသူတို့က ဆိုသည်။

၂၀၂၃ အောက်တိုဘာ ၂၇ တွင် ရက္ခိုင့်တပ်တော် (AA)၊ ကိုးကန့်တပ် (MNDAA) တို့နှင့် အတူ ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ပြီး နမ့်ဆန်၊ နမ့်ခမ်း၊ မိုင်းလုံ၊ မိုင်းငေါ့၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင် မြို့တို့ကို သိမ်းပိုက်ထားပြီး ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားများကို စတင်နေသည်။

ပညာရေး၊ ဥပဒေပြုရေးတို့ကိုလည်း ဆောင်ရွက်နေပြီး အာဏာဖီဆန်ရေးလုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သော ဝန်ထမ်းများကိုလည်း TNLA က ဖိတ်ခေါ်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ၁၆ မြို့နယ်နှင့် မြို့နယ်ခွဲများတွင် တအာင်းလူမျိုး ၃ သိန်းခွဲခန့် နေထိုင်ကြောင်း ဒေသအခြေစိုက် ရွှေဖီမြေသတင်းဌာနက ၂၀၂၃ ဇန်နဝါရီလတွင် ဖော်ပြထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed