ယူကရိန်း၊ အမေရိကန်နှင့် ဥရောပအနေဖြင့် ယူကရိန်း၏ အနာဂတ်နှင့်ပတ်သက်၍ ဆွေးနွေးရန် ဆန္ဒရှိပါက ရုရှားသည်လည်း ဆွေးနွေးရန် အသင့်ရှိနေကြောင်း သမ္မတဗလာဒီမာပူတင်က ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ သို့သော် ရုရှားအနေဖြင့် ၎င်း၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်သွားမည်ဖြစ်ကြောင်း ပူတင်က ဆိုသည်။

၂၀၂၂ ခုနှစ်တွင် ယူကရိန်းနိုင်ငံထဲသို့ တပ်ဖွဲ့ဝင်များစေလွှတ်ခဲ့သည့် ပူတင်သည် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန်အသင့်ရှိနေသည်ဟု မကြာခဏပြောဆိုလေ့ရှိသော်လည်း ၎င်းက အမှန်တကယ်လှုပ်ရှားမှုကို မလုပ်ဆောင်မီ လာမည့်နှစ် နိုဝင်ဘာလတွင် ပြုလုပ်မည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲကို စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း အနောက်နိုင်ငံများ၏ တာဝန်ရှိသူများက ဆိုသည်။

“ရုရှားအပေါ် ရန်လိုနေတဲ့ ယူကရိန်းသားတွေနဲ့ ဥရောပနဲ့ အမေရိကန်က တာဝန်ရှိသူတွေအနေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ဆန္ဒရှိတယ်ဆိုရင် ဆွေးနွေးခွင့်ပေးမှာပါ။ ဒါပေမဲ့ မိမိတို့ရဲ့ အမျိုးသားအကျိုးစီးပွားကို အခြေခံပြီး ဆွေးနွေးမှာဖြစ်တယ်” ဟု မော်စကိုမြို့တွင် ကာကွယ်ရေးဝန်ကြီးဌာန ခေါင်းဆောင်ပိုင်းနှင့် အစည်းအဝေးပြုလုပ်စဉ် ပူတင်က ပြောကြားခဲ့သည်။ ရုရှားအနေဖြင့် ဥရောပနှင့် စစ်ဖြစ်ရန် မရည်ရွယ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံ ပြိုကွဲစဉ်က ယူကရိန်း၏ ပိုင်နက်နယ်မြေ တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားသည့် နယ်မြေ ၁၇ ဒသမ ၅ ရာခိုင်နှုန်းခန့်ကို ရုရှားက ထိန်းချုပ်ထားသည်။ရုရှားက ခရိုင်းမီးယားကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်တွင် သိမ်းယူခဲ့ပြီး ယမန်နှစ်ကလည်း ယူကရိန်း၏ နောက်ထပ်နယ်မြေဒေသလေးခုကို ရုရှား၏ပိုင်နက်အဖြစ် ကြေညာခဲ့သည်။ ယူကရိန်းကမူ ၎င်းတို့နယ်မြေထဲမှ ရုရှားစစ်သားများကို တစ်ယောက်မကျန် မောင်းထုတ်နိုင်သည်အထိ တိုက်ခိုက်သွားမည်ဟု ပြောဆိုထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed