ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံမှ IL 76 ကုန်တင်လေယာဉ်များဖြင့် နေပြည်တော်အေလာလေတပ်ထဲသို့ တိုက်ရိုက် ဆင်းသက်ပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်းများ အဆက်မပြတ်ပို့ဆောင်နေကြောင်း နေပြည်တော်လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ရုရှားနိုင်ငံမှ စစ်ဘက်ဆိုင်ရာ ပစ္စည်းများ တင်ဆောင်သော IL 76 ကုန်တင်လေယာဉ် တစ်စီးသည် မေလ ၂၄ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်အချိန် နေပြည်တော် အေလာလေတပ်ထဲသို့ တိုက်ရိုက်ဆင်းသက်သွားကြောင်း၊ အဆိုပါ လေယာဉ်သည် ၃ ရက်မှ ၄ ရက်ခန့်အထိ နေပြည်တော် အေလာလေတပ်ထဲတွင် ရပ်နားထား ပြီး ယင်းနောက် ပြန်လည် ထွက်ခွာ ကြောင်း သိရှိရသည်။

အလားတူ မေလ ၂၄ ရက်နေ့ မွန်းတည့်ပိုင်းတွင်လည်း ဘယ်လာရုစ်နိုင်ငံမှ ရုရှားကုန်တင်လေယာဉ် IL 76 သည် နေပြည်တော် အေလာလေတပ်ထဲသို့ တိုက်ရိုက် ဆက်သင်းခဲ့ပြီး ယနေ့ မေလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည် ထွက်ခွာကြောင်း၊ မေလ ၂၁ ရက်နေ့ကလည်း ဘယ်လာရုစ်နိုင်ငံမှ ရုရှားကုန်တင်လေယာဉ် IL 76 တစ်စီး စစ်ဘက်ဆိုင်ရာ ပစ္စည်းများ နေပြည်တော်သို့ လာရောက် ပို့ဆောင်ပြီး ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။

“ရုရှားနဲ့ ဘယ်လာရုစ်က လေယာဉ်တွေအကုန်လုံးက တိုက်ရိုက်လာပြီး အိန္ဒိယမှာ ခဏနားပြီး နေပြည်တော် အေလာလေတပ်ထဲကို တိုက်ရိုက်ဆင်းတာ။ သယ်လာတဲ့ ပစ္စည်းတွေကို နေပြည်တော်အေလာလေတပ်ထဲကို ဝင်ချတယ်။ လေတပ်ထဲ အဝေးက ကြည့်ရင်တောင် ရုရှားနဲ့ ဘယ်လာရုစ်က လာတဲ့ ကုန်တင် လေယာဉ်တွေကို မြင်ရပါတယ်။ လာတဲ့ လေယာဉ်တွေက အကုန် ကုန်တင် IL 76 တွေချည်းပဲ” ဟု နေပြည်တော်အေလာလေတပ်မှ သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ရုရှားနိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်ပြီးနောက် အထူးသဖြင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို လျှို့ဝှက် လုပ်ဆောင်မှုများ အလွန်များပြားလာကြောင်း နေပြည်တော်စစ်ဘက် သတင်းရပ်ကွက်ထံမှ သိရှိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed