August 27, 2023|| Tongsan Media Group ||

စစ်ကိုင်တိုင်း ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ခုခွဲပြီး ဩဂုတ်လ ၂၇ ရက် ဒီနေ့မှာ ကျေးရွာတွေကို ဝင်ရောက်စီးနင်း ပစ်ခတ်နေတာကြောင့် ရွာပေါင်း ၁၃ ရွာက ပြည်သူ ၁၄၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေဦးမြို့ပေါ်က ခမရ ၇၀၁၊ ၇၀၂၊ ၇၀၈ တွေပါဝင်တဲ့ စစ်ကြောင်းဟာ အင်အား တစ်ရာနီးပါးရှိပြီး ဒီနေ့မနက် ၆ နာရီလောက်ကစလို့ မြို့ရဲ့ အနောက်ဘက်ခြမ်းက ရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တာပါ။ ဒါကြောင့် ထန်းတော၊ ငြုပ်တုံ၊ ရွာမိဿာ၊ ကုန်းတန်း၊ နှောကုန်း၊ ကုန်းကြီး၊ ကုန်းသာ၊ ရွာသစ်၊ ချမ်းသာ စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရပါတယ်။

တစ်ချိန်တည်းမှာပဲ နောက်ထပ်စစ်ကြောင်းတစ်ခုက ရေဦးမြို့တောင်ဘက်ခြမ်းက ရွာတွေကို ဝင်ရောက်စီးနင်းလို့ ရွာသာလေး၊ ကိုက္ကိုစု၊ ပိဋကတ်ကျ၊ လိပ်စွန်း ရွာတွေက အရပ်သားတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေဦးမြို့ပေါ်က ထွက်လာတဲ့ စစ်ကြောင်းကတော့ ရွာမိဿာရွာနားမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“အခု ရွာမိဿာကို သူတို့ရောက်နေပြီ လက်နက်ငယ်တွေ ရွာမိဿာနားမှာ တရစပ်ပစ်ခတ်တယ်။ လက်နက်ကြီးက ငါးလုံးရှိပြီ အရမ်းပစ်နေတယ် အခု။ ချမ်းသာရွာအထိက အကုန်ပြေးနေရပြီ” ရေဦးမြို့ပေါ်က ထွက်လာတဲ့ စစ်ကြောင်းကို ငြုပ်တုံရွာအနီးမှာ ဒေသကာကွယ်ရေး အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့လည်း သူကပြောပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းသယံ ဇာတ ဝန်ကြီး ဦးတင်သန်းဝင်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။ ဩဂုတ်လ ၂၂ ရက်နေ့ RFA က မေးမြန်းချိန်မှာတော့ စစ်ကိုင်းတိုင်းထဲ လုံခြုံရေး ဆောင်ရွက်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး အသေးစိတ် မသိရဘူးလို့ ဦးတင်သန်းဝင်းက ပြောဆိုခဲ့ပါတယ်။

အာဏာသိမ်း နှစ်နှစ်ခွဲအတွင်း ရေဦးမြို့နယ်ထဲမှာ ရွာပေါင်း ၅၃ ရွာက နေအိမ်ပေါင်း ၃၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရပြီး နယ်မြေရှင်းလင်းရေး အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ကတော့ နိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ စဉ်ဆက်မပြတ်ရှိနေသလို လူသားချင်း စာနာမှုဆိုင်ရာ လိုအပ်ချက်တွေလည်း ဆက်လက် မြင့်တက်နေတယ်လို့ ဩဂုတ်လ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ UNOCHA ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံရှစ်သိန်းနီးပါး (၇၇၈၉၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

Source: RFA News

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed