မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်များအနက် အင်အားအကြီးဆုံးဖြစ်သည့် UWSA ‘ဝ’ တပ်ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယနေ့တွင်စစ်ရေးလှုပ်ရှားမှုများ စတင်ပြုလုပ်ခဲ့ပြီး မြောက်ပိုင်းမဟာမိတ်တို့နှင့်အတူ မြန်မာ-တရုတ် နယ်စပ်မှ ဟိုပန်မြို့ကို သိမ်းပိုက်ခဲ့သည်။


ဟိုပန်မြို့သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်လာသည့် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၏ မြို့တော်ဖြစ်ပြီး စစ်ကောင်စီထိန်းချုပ်ထားသည့် နယ်မြေအတွင်းပါဝင်သည်။ ဟိုပန်သည် ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားသည့် ကွမ်းလုံမြို့၏ အရှေ့ဘက် ၁၁ မိုင်ခန့်အကွာနှင့် ချင်းရွှေဟော်မြို့၏ အနောက်ဘက် ၉ မိုင်ခန့်အကွာတွင်ရှိသည်။


ဟိုပန်မြို့ထဲရှိ ရဲစခန်းနှင့် စစ်တပ်စခန်းများကို ယနေ့နံနက်တွင် ကိုးကန့်တပ်(MNDAA)တပ်များက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် UWSA ‘ဝ’ တပ်များလည်း မြို့အတွင်းသို့ဝင်ရောက်သွားပြီး မြို့ကိုထိန်းချုပ်ထားသည်ဟု သိရသည်။ ဟိုပန်မြို့ ပေါ်ရှိ ရဲစန်း၊ ထွေအုပ်ရုံးနှင့် စစ်ကောင်စီတပ်၏ ခလရ(၁၅၄)တို့သည် MNDAA နှင့် ပူးပေါင်းတပ်များထံ ယနေ့နံနက် ၅ နာရီခန့်က လက်နက်ချခဲ့ကြသည်ဟု သိရသည်။


လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရုပ်သံဖိုင်များတွင် UWSA ‘ဝ’ တပ်ဖွဲ့အလံ လွှင့်ထူထားပြီး လက်နက်ကိုင်တပ်သားများကို တင်ဆောင်ထားသော စစ်ကားများ ဟိုပန်မြို့ထဲသို့ ဝင်ရောက်လာသည်ကို တွေ့ရသည်။ ဟိုပန်မြို့တွင်းသို့ UWSA တပ်ဖွဲ့ဝင်များ ဝင်ရောက်လာချိန်တွင် MNDAA တပ်များက လမ်းဘေးဝဲယာတွင် လုံခြုံရေးယူထားသည်ကိုလည်း ရုပ်သံဖိုင်တွင် တွေ့ရသည်။ ဟိုပန်တိုက်ပွဲတွင် မဟာမိတ်တို့နှင့်အတူ ၎င်းတို့လည်း ပါဝင်တိုက်ခိုက်ခဲ့သည်ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကကြေညာထားသည်။


မြို့ပေါ်အခြေအနေများကို အသေးစိတ်မသိရသေးပါ။ဟိုပန်မြို့သိမ်းတိုက်ပွဲနှင့် ပတ်သက်ပြီး MNDAA နှင့် UWSA ပြောခွင့်ရအရာရှိများကို Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် ဟုတရားဝင်အမည်ရှိသည့် UWSA သည် ခေတ်မှီလက်နက်များ တပ်ဆင်ထားသည့် အမြဲတမ်းစစ်သည်အင်အား ၃သောင်းခန့်ရှိသည်ဟု စစ်ရေးသုတေသနအဖွဲ့များက ခန့်မှန်းထားသည်။ ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်တွင် ဘက်မလိုက်ဘဲ ကြားနေမူဝါဒ ကျင့်သုံးမည်ဟု UWSA ကကြေညာထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed