September 10, 2023 || Tongsan Media Group ||

တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊လားရှိုး၊ မူဆယ်နှင့် ကျောက်မဲမြို့နယ်များ၌ နှစ်ဖက်စစ်ရေးတင်းမာနေပြီး စောင့်ကြည့်အနေအထားဖြစ်ကြောင်း TNLA သတင်းပြန်ကြားရေး အရာရှိက ပြောသည်။

TNLAနှင့် စစ်ကောင်စီတပ်တို့ စက်တင်ဘာ ၈ရက်က ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့ပြီး လက်နက် လေးလက်နှင့် ကျည်များသိမ်းဆည်းရရှိခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။ အလားတူ လားရှိုးမြို့နယ်၌လည်း စက်တင်ဘာ ၇ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့သည်ဟု TNLAက အသိပေးထားသည်။

ယနေ့ (စက်တင်ဘာ ၁၀ရက်) တိုက်ပွဲဆက်လက်ဖြစ်ပွားမှုရှိမရှိ မေးမြန်းရာ တိုက်ပွဲသတင်းများ မရသေးဟု TNLAအရာရှိက ပြောသည်။ “တိုက်ပွဲဖြစ်တဲ့နေရာက ဒီကနေ့ ဒီအချိန်ထိတော့ တိုက်ပွဲသတင်း ထပ်တက်လာတာမျိုးမတွေ့ရဘူး။ ဟိုးတစ်နေ့က ဖြစ်သွားတယ်။ အခုတော့ ထပ်ဖြစ်တာမရှိသေးဘူး။ ဒါပေမဲ့ တစ်ဖက်နဲ့တစ်ဖက် နေရာမှာပဲရှိပြီးတော့ စောင့်ကြည့်နေတဲ့ အနေအထားတော့ရှိတယ်”ဟု TNLA အရာရှိက လားရှိုးနှင့် ကျောက်မဲ ဒေသ စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး ပြောသည်။

ယခင်တိုက်ပွဲများ ဖြစ်ခဲ့သည့် မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်တွင်လည်း စစ်ရေးတင်းမာသည့် အခြေအနေပင်ဖြစ်သည်ဟု ၎င်းက ဆိုသည်။ TNLAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင် ၂၃ရက်မှစ၍ ရှမ်းမြောက်ဒေသ၌ တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားလျက်ရှိရာ လက်ရှိ အချိန်ထိ တိုက်ပွဲ ၃၆ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်အထိနာ၍ လက်နက်ကြီး ပစ်ကူများ၊ လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed