ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၂ခုကို ယနေ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောသည်။ ၁၀၂၇စစ်ဆင်ရေး နိုဝင်ဘာ ၂၂ရက် စစ်ရေးသတင်းကို မေးမြန်းရာ စခန်းသိမ်းပိုက်ရရှိမှုကို အသိပေးခြင်းဖြစ်သည်။

” ဒီနေ့က တုန်းရှမ်းဒေသပေါ့။ နေရာကတော့ လောက်ကိုင်မြို့ အရှေ့ဘက်ခြမ်း နယ်စပ်မျဉ်းနားလောက်မှာရှိတဲ့ တပ်စခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့တယ်ဗျ။ အဲဒီနားလေးမှာ ရင့်ရှိ ဆိုတဲ့ တောင်ကုန်းရှိတယ်။ အဲဒီတောင်ကုန်းပေါ်မှာရှိတဲ့ တပ်စခန်းပါဗျ။ နောက်တစ်နေရာက ရှင်းဝမ်ဒေသ ကုန်းကြမ်းလို့ သိကြမယ်ပေါ့ အဲဒီနားလေးက လောင်ကောင်းကျိုက်ရွာနဲ့ မန်ကန်ရွာကြားမှာ ရှိတဲ့ နယ်မြေ ကို ကျနော်တို့ သွားရှင်းလင်းရေးလုပ်တာ။ ရှင်းလင်းရေးလုပ်တဲ့အချိန်မှာ စစ်ကောင်စီယာယီအခြေချတဲ့ တပ်စခန်းတစ်ခုနဲ့ သွားတိုးတော့ အဲဒီ တပ်စခန်းကို သိမ်းပိုက်ခဲ့တာပါ” ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယနေ့ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟုလည်း MNDAA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ အဆိုပါတပ်စခန်း၂ခုအပါအဝင် စစ်ကောင်စီတပ်စခန်း ၁၆၄ခုကို သိမ်းပိုက်ထားနိုင်ပြီးဖြစ်သည်ဟု MNDAAက တရုတ်ဘာသာဖြင့် သတင်းထုတ်ပြန်ထားသည်။ ၁၀၂၇ စစ်ဆင်ရေးကို ဆင်နွှဲနေသည့် တအာင်းတပ်မတော် (TNLA) ကလည်း စစ်ကောင်စီတပ်စခန်း ၄၆ခုထက်မနည်း သိမ်းပိုက်ရရှိထားရာ စုစုပေါင်း စစ်ဆင်ရေး တစ်လနီးပါးအတွင်း စစ်ကောင်စီတပ်စခန်း ၂၁၀ ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed