စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ခရိုင်အဆင့်မြို့ဖြစ်သော ကောလင်းမြို့ကို တော်လှန်ရေးအဖွဲ့များက လေးရက်ကြာ ထိုးစစ်ဆင်ပြီးနောက် ယနေ့ (နိုဝင်ဘာ ၆) နံနက်တွင် အပြီးသတ် သိမ်းပိုက်နိုင်လိုက်သည်ဟု သိရသည်။ တောတောင်များ ဝန်းရံနေပြီး မန္တလေး-မြစ်ကြီးနား ရထားလမ်းပေါ်ရှိ ကောလင်းမြို့ကို တော်လှန်ရေးအဖွဲ့များ ပူးပေါင်း၍ နိုဝင်ဘာ ၃ ရက်နေ့ နံနက်အစောပိုင်းကတည်းက အင်အားအများအပြားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယနေ့ နံနက် ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီ နောက်ဆုံးခုခံနေသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်းမှ စစ်သားများ အလံဖြူထောင်ကာ လက်နက်ချ အညံ့ခံခဲ့သည့်အတွက် တော်လှန်ရေးအင်အားစုများ၏ မြို့သိမ်းတိုက်ပွဲ အပြီးသတ်နိုင်ခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၆၀ ကျော် သေသည်၊ ဖမ်းဆီးရမိသူများရှိသည်၊ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ ထက်မနည်း သေဆုံးဒဏ်ရာရသည်၊ တော်လှန်ရေးအင်အားစုများဘက်မှ ထိခိုက်သေဆုံးမှုများရှိသည်ဟု စုံစမ်းသိရှိရသော်လည်း အသေးစိတ် အတည်မပြုနိုင်သေးပေ။

စစ်ကောင်စီတပ်စွဲရာ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်၊ အထက်တန်းကျောင်း၊ ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို တိုက်ခိုက်အောင်နိုင်ခဲ့ကာ ခရိုင်အဆင့်ရှိမြို့တစ်မြို့ကို ပထမဆုံး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်နက်မျိုးစုံ ၅၄ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

“ကောလင်းသတင်းကြားပြီးတော့ ကသာ ခမရ ၃၀၉ ထဲ လန့်နေကြတယ်။ ဗုံးခိုကျင်းတွေ ထတူးနေကြတယ်” ဟု ကသာမြို့မှ ဒေသခံတစ်ဦးကပြောသည်။ အလားတူ ကောလင်းမြို့နှင့် ထိစပ်နေသော ဝန်းသိုမြို့တွင်လည်း စစ်ကောင်စီတပ်စခန်းများအတွင်း ပုံမှန်အခြေအနေမဟုတ်ဘဲ ရှုပ်ထွေးနေကြောင်း မြို့ခံများကပြောသည်။

“သူတို့ ဟိုပြေးရမလိုလို ဒီပြေးရမလိုလို ဖြစ်နေပြီ။ အခုက သူတို့ပြန် ပြေးရမယ့်အလှည့်ရောက်ပြီ။ လက်နက်ချအလင်း ဝင်မယ်လို့လည်း ကြားနေရတယ်” ဟုဝန်းသိုမြို့ခံတစ်ဦးကပြောသည်။ ထီးချိုင်မြို့တွင်လည်း အထွေထွေအုပ်ချုပ်ရေးရုံးကို ယနေ့ နံနက်တွင် ပိတ်လိုက်ပြီး ဝန်ထမ်းများအားလုံးသည် စစ်တပ်တပ်စွဲထားသည့် မြသိန်းတန်တောင်ပေါ်သို့ သွားရောက်တိမ်းရှောင်နေကြကြောင်း​ဒေသခံအချို့က​ပြောသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed