အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပူးတွဲထူထောင်သူ နာယကကြီး သူရဦးတင်ဦး ဒီကနေ့မနက် ၈ နာရီ ၅၀မိနစ်မှာ ကွယ်လွန်သွား ပြီလို့ သားဖြစ်သူ ဦးသန့်ဇင်ဦးက ပြောပါတယ်။ မြန်မာ့ဓလေ့ အသုဘထုံးစံအရ ၅ ရက်တာ ထားရှိပြီး လာမယ့် ဇွန် ၅ ရက် ဗုဒ္ဓဟူးနေ့မှာ သဂြိုလ်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

“၈ နာရီ ၅၀ က ကွယ်လွန်သွားပါတယ်။ ကျနော်တို့ တွက်တာ ၅ ရက်ထားမယ်။ ဗုဒ္ဓဟူးနေ့ ဖြစ်မယ်ထင်ပါတယ်။ သူ့အနေနဲ့သူ အသက်ရှင်စဉ် ကာလမှာ တိုင်းပြည်အတွက်ကော လူမျိုးရေးအတွက်ကော နိုင်ငံအတွက်ကော ဆောင်ရွက်ခဲ့တာဆိုတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ သူ့တာဝန်အားလုံး ကျေပွန်စွာ ထမ်းဆောင်သွားတယ်လို့ ပြောချင်ပါတယ် ရိုးရိုးဈာပနလုပ်ဖို့ပဲ မိသားစုက စဉ်းစားထားပါတယ်။ ပုံမှန်ဈာပနတခု အနေနဲ့ပေါ့လေ။”

သေဆုံးချိန်မှာ အသက် ၉၉ နှစ်အရွယ်ရှိနေပြီ ဖြစ်တယ်လို့ ပြောပါတယ် ပြီးခဲ့တဲ့ရက်ပိုင်း ကျန်းမာရေး အခြေအနေ ဆိုးရွားလာတဲ့အတွက် ရန်ကုန်ဆေးရုံကြီး အရေးပေါ် ကုသဆောင်မှာ ကုသမှုခံယူနေရတာ ဖြစ်ပါတယ်။ အသက် (၉၉) နှစ်အရွယ် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦးဟာ လေတခြမ်းဖြတ်တဲ့ ဝေဒနာ ခံစားနေရတာပါ။ သူရဦးတင်ဦးဟာ မြန်မာနိုင်ငံ အာဏာရှင် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုမှာ အထူးထင်ရှားတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဟောင်းတဦး ဖြစ်ပါတယ်။

NLD ပါတီကို စပြီး ထူထောင်ချိန်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလက်တွဲပြီးတော့ ပါဝင် ဦးဆောင်လာသူ ဖြစ်ပြီး မြန်မာ့ တပ်မတော်မှာ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးအဆင့်ထိ တာဝန်ထမ်းခဲ့ဖူးတာကြောင့်ရော၊ မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးမှာ အခု အသက် အရွယ် ကြီးရင့်ချိန်ထိ မနားတမ်း အားထုတ် ကြိုးပမ်းလုပ်ဆောင်နေတာကြောင့်ပါ အများရဲ့ အထူး လေးစားမှုကို ခံယူရရှိထားတာ ဖြစ်ပါတယ်။

သူရဦးတင်ဦးဟာ ကျူးကျော်သူ တရုတ်ဖြူများကို ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်ခဲ့တဲ့ တပ်မှူးတဦးလည်း ဖြစ်ပါတယ်။ ၁၉၇၄ ခု မတ်လ ၈ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ခံရပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ တာဝန်ယူခဲ့ပါတယ်။ တိုက်ပွဲများမှာ ထူးချွန်ရဲဝံ့စွာ တိုက်ခိုက်ခဲ့လို့ သူရဘွဲ့လည်း ချီးမြှင့်ခံခဲ့ရသူပါ။ ၁၉၇၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့မှာတော့ တပ်မတော်ကနေ အနားယူခဲ့ပါတယ်။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှာ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး၊ ဗိုလ်မှုးကြီးဟောင်း ဦးကြည်မောင်၊ အငြိမ်းစားဗိုလ်မှူးချုပ် ဦးအောင်ရွှေ၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည် ထောင်သူတွေထဲမှာ သူရဦးတင်ဦးလည်း ပါ၀င်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌတာဝန်ကို ၂ နှစ်တာ ရယူခဲ့ပြီးနောက် ကွယ်လွန်ချိန်ထိ ပါတီနာယကအနေနဲ့ ဆက်လက် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ သူရဦးတင်ဦး ကွယ်လွန်ချိန်မှာ ဇနီး၊ သားတဦးနဲ့ မြေး ၁ယောက်မြစ် ၁ ယောက်ကျန်ခဲ့ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed