မြန်မာနိုင်ငံကနေ အမျိုးသားတွေကို ပြည်ပရွှေ့ပြောင်းလုပ်သားအဖြစ် စေလွှတ်မယ့်လုပ်ငန်းမှန်သမျှ မေလ ၁ ရက် မနေ့ကစလို့ ယာယီ ရပ်ဆိုင်းလိုက်တယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက အတည်ပြုပြောပါတယ်။ ဘယ်လိုအမျိုးသားကိုမှ ပြည်ပရွှေ့ပြောင်းလုပ်သားအဖြစ် စေလွှတ်ဖို့ ခွင့်ပြုပေးသွားမှာ မဟုတ်တော့ဘူးလို့လည်း အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ပြောပါတယ်။

“ဧပြီလကုန်အထိ နားလည်မှု စာချွန်လွှာ (MOU) နဲ့ တင်ထားတဲ့ ယောက်ျားလေး စာရင်းတွေကတော့ မပါဘူး။ အရေအတွက်နည်းတဲ့ နှစ်ဖက်အစိုးရအချင်းချင်း အစိုးရ အလုပ်အကိုင် အေဂျင်စီတွေကနေတစ်ဆင့် သွားကြမယ့် အလုပ်သမားတွေလည်း မပါဘူး။ မေ ၁ ရက်နေ့ကစပြီး တင်လာတဲ့ စာရင်းတွေထဲကပဲ ရွှေ့ပြောင်းလုပ်သားအဖြစ် အမျိုးသမီးစာရင်းကိုစေလွှတ်ဖို့ ခွင့်ပြုပေးသွားမယ်။ အမျိုးသားစာရင်းကို ဆိုင်းငံ့ကာလအတွင်း လိုအပ်ချက်အရ ရပ်ဆိုင်းထားသွားမှာပါ” ဘာကြောင့် ရပ်ဆိုင်းတယ်၊ ဘယ်အချိန်အထိ ရပ်ဆိုင်းမယ်ဆိုတာကို တိတိကျကျပြောဆိုတာမရှိဘဲ လိုအပ်ချက်အရ ယာယီရပ်ဆိုင်းတာလို့ ဆိုပါတယ်။

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်က ပြည်ပ အလုပ်အကိုင် အေဂျင်စီတစ်ခုက တာဝန်ရှိသူတစ်ဦးကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်လာပြီးနောက် အမျိုးသားတွေ ပြည်ပထွက်ဖို့ ရတဲ့နည်းနဲ့ ကြိုးစားလာကြတာတွေကြောင့် စစ်ကောင်စီက ကန့်သတ်တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

“စစ်ကောင်စီက လူငယ်အမျိုးသားတွေကိုလိုချင်လို့ စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းလိုက်တာလေ။ အဲဒီဥပဒေ အသက်သွင်းလိုက်တဲ့နေ့ကစပြီး အမျိုးသားတွေက အပေါ်လမ်းကတစ်မျိုး၊ အောက်လမ်းကတစ်မျိုး ရတဲ့နည်းတွေနဲ့ ရသလိုထွက်နေကြလို့ အခုစစ်ကောင်စီက ကန့်သတ်လိုက်တာ ဖြစ်နိုင်ပါတယ်”

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မေလ (၁) ရက်နေ့က ကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကို ပေးပို့ထားတဲ့ သဝဏ်လွှာထဲမှာတော့ အလုပ်သမားတွေအားလုံးဟာ နိုင်ငံအတွက် မရှိမဖြစ်အရေးပါတဲ့ အဓိက အင်အားစုဖြစ်တာကြောင့် ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed