မြန်မာနိုင်ငံမှာရှိနေတဲ့ အရှေ့တီမောနိုင်ငံ သံရုံးက ဝန်ထမ်းတွေ စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြီး မြန်မာနိုင်ငံက ထွက်ခွာသွားကြဖို့ နိုင်ငံခြားရေးဌာနက ဒီကနေ့ ဩဂုတ်လ ၂၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ သံတမန်အသိုင်းအဝိုင်းကရတဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ပေါ်တူဂီအခြေစိုက် Lusa သတင်းဌာနမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအနေနဲ့ မဖြေရှင်းနိုင်သေးသ၍ အရှေ့တီမောနိုင်ငံ အာဆီယံ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်မှာ မဟုတ်တဲ့အကြောင်း အရှေ့တီမော ဝန်ကြီးချုပ် Xanana Gusmao က ဩဂုတ်လ ၃ ရက်နေ့မှာ ပြောဆိုခဲ့တာ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရက နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ တခြား တာဝန်ရှိသူတွေကို အစိုးရသစ်ဖွင့်ပွဲ အခမ်းအနားကို ဖိတ်ကြားခဲ့တာ စတဲ့ အချက်တွေကြောင့် အခုလို သံတမန်တွေ နှင်ထုတ်တာ ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဌာနဲ့ ကြေညာချက်မှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

အရှေ့တီမောသမ္မတ José Ramos-Horta ကတော့ သူတို့နိုင်ငံက လူ့အခွင့်အရေးကို ခုခံကာကွယ်တဲ့အတွက် မြန်မာစစ်ကောင်စီက သူတို့နိုင်ငံက သံတမန်တွေကို နှင်ထုတ်တဲ့လုပ်ဆောင်ချက်အပေါ် တီမောနိုင်ငံအနေနဲ့ ဂုဏ်ယူသင့်ကြောင်း တုန့်ပြန် ပြောဆိုချက်ကိုလည်း Lusa သတင်းမှာ ထည့်သွင်း ဖော်ပြထားပါတယ်။ စစ်ကောင်စီ နိုင်ငံခြားရေးဌာနကတော့ ဒီအကြောင်းနဲ့ပတ်သက်လို့ တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။

အရှေ့တီမောနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို အာဆီယံက ဦးဆောင်ဖြေရှင်းနေတဲ့ လုပ်ငန်းစဉ်တွေကို ထောက်ခံကြောင်း ပြောဆိုထားတဲ့ နိုင်ငံဖြစ်သလို လာမယ့် ၂၀၂၅ ခုနှစ်ထက် နောက်မကျပဲ အာဆီယံ အရှေ့တောင်အာရှနိုင်ငံ အဖွဲ့ဝင်အဖြစ် ပူးပေါင်းနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း အရှေ့တီမော သမ္မတ Jose Ramos Horta က ပြောဆိုထားပါတယ်။

Source: VOA Burmese

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed