စစ်ကောင်စီတပ်ရဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့အထိ သုံးနှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ တစ်၀န်းက ချင်းလူမျိုး ‌၆၁၈ ဦး သေဆုံးခဲ့ပါတယ်။ အာဏာသိမ်းပြီး သုံးနှစ်တာအတွင်း ချင်အမျိုးသား တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ချင်းပြည်နယ်အပေါ် ရိုက်ခတ်မှု အခြေနေတွေကို ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဖေဖော်ဝါရီ ၁ရက်နေ့ ဒီကနေ့ ထုတ်ပြန်ရာမှာ ချင်းလူမျိုး ‌၆၁၈ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ချင်းပြည်နယ်အတွင်း တွန်းဇံမြို့နယ်က သုံးဦး၊ တီးတိန်မြို့နယ်က ၃၉ ဦး၊ ဖလမ်းမြို့နယ်က ၆၉ ဦး၊ ထန်တလန်မြို့နယ်က ၆၄ ဦး၊ ဟားခါးမြို့နယ်က ၇၇ ဦး၊ မတူပီမြို့နယ်က ၇၂ ဦး၊ မင်းတပ်မြို့နယ်က ၉၈ ဦး၊ ပက်လက်ဝမြို့နယ် ၁၀ ဦးနဲ့ ကန်ပက်လက်မြို့နယ် ၁၃ ဦး၊ စုစုပေါင်း ချင်းလူမျိုး ၄၄၅ ဦး သေဆုံးခဲ့တယ်လို့ ICA က ‌ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ချင်းပြည်နယ်ပြင်ပရှိ ချင်းအမျိုးသား‌တွေနေထိုင်ကြတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်၊ မန္တလေးနဲ့ တခြားဒေသတွေမှာ သေဆုံးခဲ့တဲ့ ချင်းလူမျိုး ၁၇၃ ဦးရှိနေတယ်လို့ ICA က ဖော်ပြပါတယ်။


အဲဒီသေဆုံးမှုတွေထဲမှာ မြေမြုပ်မိုင်းကြောင့် သေဆုံးသူ ၂၈ ဦး၊ ဖမ်းဆီးနှိပ်စက်ပြီး အလောင်းဖောက်ဖျက်ခံခဲ့တဲ့ ၁၁ ဦး၊ ဆေးဝါးလုံလောက်မှုမရှိတာကြောင့် သေဆုံးသူ ၂၂ ဦးနဲ့ ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းအား မီးရှို့ဖျက်ဆီးခဲ့ရတဲ့သူ ၁၀ ဦး၊ အကျဥ်းထောင်အတွင်းမှာ နှိပ်စက်သတ်ဖြတ်ခံရသူ ငါးဦး၊ လေကြောင်းတိုက်ခိုက်ခံမှုကြောင့် သေဆုံးသူ ၈၄ ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အာဏာသိမ်း သုံးနှစ် ကာလအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာတာပါ။ လက်ရှိချိန်ထိ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား နှစ်ရာကျော် သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့၀င် ၂၄၆ ဦး သေဆုံးခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က ဆိုပါတယ်။


ချင်းလူမျိုးတွေနေထိုင်တဲ့ လူနေအိမ် အဆောက်အဦး စုစုပေါင်း ၂၁၅၄ လုံးထက်မနည်းကို စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့သလို ဘာသာရေးအဆောက် အ အုံ ၁၀၈ ခုကိုလည်း စစ်ကောင်စီ လက်ချက်ကြောင့် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီ အာဏာသိမ်းချိန်ကစလို့ လက်ရှိ အချိန်ထိ ချင်းပြည်နယ်က လူသုံးကုန်နဲ့ စားသောက်ကုန် ကုန်စည်ဈေးနှုန်းတွေဟာ အရင်ကထက် သုံးဆ ကနေ ငါးဆ အထိ မြင့်တက်နေတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed