အမေရိကန် စစ်လေယဥ်များက အီရန်နိုင်ငံရှိ နျူကလီးယားစီမံကိန်း စက်ရုံများရှိရာ သုံးနေရာအား ယနေ့မနက်က ဝင်ရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ကြေညာလိုက်သည်။ အီရန်ရှိ တောင်တစ်ခုအောက်တွင် ပေရာပေါင်းများစွာတူး၍ တည်ဆောက်ထားသည့် ဖော်ဒိုအမည်ရ နြူကလီးယားစီမံကိန်းနေရာကို အမေရိကန်ပိုင်ဆိုင်ထားသည့် ဗုံးကြဲလေယဥ်များဖြင့် ပေါင်သုံးသောင်းအ လေးချိန်ဗုံးများအသုံးပြုကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အခုတော့ အမေရိကန်လေယဥ်တွေဟာ အီရန်လေပိုက်နက်ကထွက်လာပါပြီ။ လေယဥ်တွေအားလုံးဘေးကင်းပါတယ်” ဟု ထရမ့်က လူမှုကွန်ယက်တွင် ရေးသားလိုက်သည်။ အမေရိကန်က ဝင်ရောက်တိုက်ခတ်ခဲ့သည့် ပစ်မှတ်သုံးနေရာတွင် နှစ်ခုမှာ အီရန်နိုင်ငံ၏ ယူရေနီယံသန့်စင်ထုတ်လုပ်ရေး စခန်းကြီးများဖြစ်ပြီး ပထမတစ်ခုမှာ ဖော်ဒိုတောင်အောက်စခန်းဖြစ်ကာ၊ ဒုတိယတစ်ခုမှာ နတ်တန့်ဇ် ဒေသရှိ စခန်းဖြစ်သည်။ ဒုတိယမြောက်စခန်းသည် ပိုမိုကြီးမားသည့် ယူရေနီယံသန့်စင်စခန်းဖြစ်ပြီး ထိုနေရာအား အစ္စရေးတိုက်လေယဥ်များက လွန်ခဲ့သည့်ရက်ပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

အမေရိကန်ဝင်ရောက်တိုက်ခဲ့သည့် တတိယစခန်းမှာ ရှေးဟောင်းမြို့တော် အစ္စဖာဟန်မြို့အနီးတည်ရှိကာ ထိုစခန်းတွင် နြူကလီးယားဗုံး ထုတ်လုပ်ရန်နီးပါးအသင့်ဖြစ်နေသည့် သန့်စင် ယူရေနီယံများ သိုမှီးထားသည်ဟု အစ္စရေးတို့ကဆိုထားသည်။ အမေရိကန်က ဝင်ရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အချိန်မှာ အီရန်စံတော်ချိန် ယနေ့မနက် နှစ်နာရီခွဲ (မြန်မာစံတော်ချိန် မနက် ၅ နာရီခွဲ) ဖြစ်ကြောင်း အမည်မဖာ်လိုသည့် အီရန်အစိုးရတာဝန်ရှိသူများအား ကိုးကား၍ နယူးယောက်တိုင်းသတင်းစာက ရေးသားသည်။

၎င်း၏ ရွေးကောက်ပွဲမဲဆွယ်လှုပ်ရှားမှုများ၌ နိုင်ငံရပ်ခြားတွင် “ထာဝရစစ်ပွဲများ” အမေရိကန်ကဆင်နွှဲခြင်းကို ရပ်တန့်ပစ်မည်ဟု ကြွေးကြော်ခဲ့သည့် ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံ၏ မြေအောက်အထပ်ထပ် ခိုင်မာစွာတည်ဆောက်ထားသည့် စခန်းများအား တိုက်ခိုက်ရန် အမေရိကန်စစ်တပ်ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

အီရန်အနေဖြင့် နြူကလီးယားဗုံးလုံးဝမပိုင်ဆိုင်စေရဟု အစ္စရေးနှင့် ၎င်း၏ မဟာမိတ်အမေရိကန်တို့ကဆိုထားပြီး၊ ၎င်းတို့က အီရန်ကိုတိုက်ခိုက်ခြင်းမှာ ထိုရည်မှန်းချက်အတွက်သာဖြစ်သည်ဟု ကြွေးကြော်သည်။ လွန်ခဲ့သည့် ဆယ်ရက်ခန့်တွင် အစ္စရေးက အီရန်ကိုစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အီရန်ကလည်း လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးနိုင်ငံသို့ တာဝေးပစ်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အစ္စရေးတိုက်ခိုက်မှုကြောင့် အီရန်ထိပ်တန်းစစ်ဗိုလ်ချုပ် ၁၁ ဦးခန့်သေဆုံးသွားပြီး အီရန်ရှိအရပ်သား ၄၀၀ ကျော်ခန့်လည်း အသက်ဆုံးရှုံးခဲ့သည်။ အီရန်၏ ဒုံးကျည်များအား အစ္စရေး၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် အများအပြားပစ်ချနိုင်ခဲ့သော်လည်း အချို့မှာ အစ္စရေးနိုင်ငံတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒါဇင်နှင့်ချီကာ အသက်ဆုံးရှုံးခဲ့သည်။

အီရန်အား ဝင်ရောက်မတိုက်ခိုက်မီ ဒေါ်နယ်ထရမ့်က အီရန်သည် လုံးဝဥဿုံအညံ့ပေး လက်နက်ချရမည်ဟု ကြွေးကြော်ခဲ့သည်၊ သို့သော် အီရန်နိုင်ငံ၏ ခေါင်းဆောင်ဖြစ်သူ အယာတိုလာအလီခါမီနီကို လုပ်ကြံသတ်ဖြတ်ရန်ကိုမှု မထောက်ခံကြောင်း ၎င်းကဆိုခဲ့သည်။

အမေရိကန်က အီရန်ကိုတိုက်ခိုက်လာပါက အရှေ့အလယ်ပိုင်းရှိ အမေရိကန်ပစ်မှတ်များအား လက်တုံ့ပြန်သွားမည်ဟု အီရန်ဖက်ကပြောဆိုထားပြီး၊ အယာတိုလာအလီခါမီနီကလည်း ၎င်းကျဆုံးသွားပါက ၎င်းကိုဆက်ခံရန် လူသုံးဦးကို ရွေးချယ်ထားပြီးဖြစ်ကြောင်း ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

Hits: 0

Byadmin

One thought on “အီရန် နျူကလီးယားစက်ရုံတွေကို အမေရိကန် စတင်တိုက်ခိုက်ပြီ”

admin ကိုပြန်စာထားခဲ့ပါ။ ပြန်စာ ပယ်ဖျက်ပါ

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်