ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ၅ ခုမြောက်မြို့သိမ်းတိုက်ပွဲအဖြစ် ကွမ်းလုံမြို့ကို MNDAA က အပြီးသတ် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း အမျိုးသား ညီညွတ် ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

မြောက်ပိုင်းမဟာမိတ်တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ မုံးကိုး၊ ဖောင်းဆိုင်နဲ့ နမ့်ခမ်းမြို့တို့ကို အောက်တိုဘာ ၂၇ ရက်မှ စတင်ဆင်နွှဲခဲ့ရာ စစ်ဆင်ရေးနှစ်ပတ်အတွင်း ၁၀၂၇ စစ်ဆင်ရေး Operation တလျှောက် စစ်စခန်း အကြီး အသေး ၁၆၀ထက်မနည်း ကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိထားသည်။ ၎င်း သိမ်းဆည်းရရှိမှုထဲတွင် ကွမ်းလုံတံတား နဲ့ တာပါးတံတား (သံလွင်တံတား) စသည်တို့နဲ့ အသေးစား လှေဆိပ်ကမ်းလည်း ပါဝင် တယ်လို့ သိရပါတယ်။

သံလွင်မြစ်ဘေးတွင်တည်ရှိသော ကွမ်းလုံမြို့သည် တရုတ်-မြန်မာကုန်သွယ်ရေး ပင်မလမ်းကြောင်း ဖြစ်သည့် သိန္နီ-ချင်းရွှေဟော်လမ်းပိုင်းတွင် အဓိကကျမြို့သော မြို့ဖြစ်တဲ့အပြင် စစ်ရေးအရလည်း အချက် အချာကျတဲ့ မြို့ လည်းဖြစ်တယ်လို့ သိရပါတယ်။ ကွမ်းလုံမြို့ကိုသိမ်းပိုက်နိုင်ရန်အတွက် မြောက်ပိုင်းမဟာမိတ်ပူးပေါင်းတပ်တို့ဟာ နိုဝင်ဘာလ ၆ရက်ကနေ့ စပြီးတိုက်ပွဲစတင်ဖော်ဆောင်ခဲ့ကာ ယနေ့နိုဝင်ဘာ ၉ ရက်နေ့တွင် အပြီးသိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။

ယခင်က မြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်မှုသတင်းကို MNDAA အပါအဝင် ညီနောင်သုံးဖွဲ့က အသိပေး ထုတ်ပြန်လေ့ရှိသော်လည်း ယခု ကွမ်းလုံမြို့ သိမ်းပိုက်ထိန်းချုပ်နိုင်မှုကို ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်လာခြင်းလည်းဖြစ်သည်။ တစ်ဖက်တွင်လည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရက္ခိုင့်တပ်တော်(AA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)နှင့် ဒေသအသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းပြီး စစ်ကိုင်းနှင့် မကွေးရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်လျက်ရှိသည်။

လက်ရှိတွင် ကောလင်း၊ ခမ်းပတ်မြို့ကို သိမ်းပိုက်ပြီးဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ထားသည်။ ထို့ပြင် ပင်လည်ဘူးမြို့ကိုလည်း KIAနှင့် PDFက သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက အသိပေးထားပြီး ထီးချိုင့်အပါအဝင် စစ်ကိုင်းရှိ အခြားနေရာများတွင်လည်း မြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိသည်။ ‘၁၀၂၇ စစ်ဆင်ရေး’ဆင်နွှဲနေသည့် ညီနောင်သုံးဖွဲ့ကလည်း တစ်နိုင်ငံလုံးရှိ တော်လှန်ရေးတပ်များနှင့်ပူးပေါင်းကာ နိုင်ငံတဝန်းတွင် စစ်ဆင်ရေးများ အရှိန်မြှင့်ဖော်ဆောင်မည်ဟု အသိပေးထုတ်ပြန်သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed