ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဦးစီးချုပ်ရာထူးအား KIA ဒုစစ်ဦးစီးချုပ် (၁)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ် ဝမ်းခန့်အောင်ဆိုင်းလာ အားခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ၂၀၂၄ခုနှစ် မေလ(၁၃)ရက်နေ့တွင် အသည်းရောဂါဖြင့် ကွယ်လွန်သွားသော KIA စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး R ခေါင်လွမ်း၏ နေရာတွင် ဗိုလ်ချုပ် ဝမ်းခန့် အောင်ဆိုင်းလာ အားတာဝန်ပေးလိုက်ခြင်းဖြစ်သည်။

ထို့အပြင် ဒုစစ်ဦးစီးချုပ်နေရာတွင် ယခင် ဒုစစ်ဦး စီးချုပ်(၂)ဖြစ်သူ ဗိုလ်ချုပ် မရန်ဇော်တောင် ကို ခန့်အပ်လိုက်ကြောင်း KIA စစ်ရုံးချုပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ ယခု KIA ၏ စစ်ဦးစီးချုပ် အသစ်ဖြစ်လာသူ ဗိုလ်ချုပ် ဝမ်းခန့်အောင်ဆိုင်းလာသည် စစ်ရေးအတွေ့အကြုံရှိသူဖြစ်ကာ KIA တပ်ရင်း၊ တပ်မဟာများတွင် တပ်ရင်းမှူး၊ တပ်မဟာမှူးတို့အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် KIA ဒုစစ်ဦးစီးချုပ်များအဖြစ် ဗိုလ်ချုပ်ဆွမ်းလွတ် ဂွမ်မော် – ဒုစစ်ဦးစီးချုပ်(၁)၊ ကွယ်လွန်သွားသည့် ဗိုလ်ချုပ် R ခေါင်လွမ်း ဒုစစ်ဦးစီးချုပ် (၂) တို့နှင့်အတူ ဗိုလ်ချုပ် ဝမ်းခန့်အောင်ဆိုင်းလာသည်လည်း ဒုစစ်ဦးစီးချုပ် (၃)အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဗိုလ်ချုပ် ဝမ်းခန့်အောင်ဆိုင်းလာသည် ၂၀၂၃ ခုနှစ်တွင် ဒုစစ်ဦးစီးချုပ် (၁) အဖြစ် တာဝန်ထမ်းဆောင်နေရာမှ ၂၀၂၄ ခုနှစ် မေလ (၁၈)ရက်နေ့တွင် ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြင့်ခံရကာ စစ်ဦးစီးချုပ်ဖြစ်လာသည်။ ၎င်းသည် စာရေးဆရာတစ်ဦးလည်းဖြစ်ကာ ဗမာဘာသာဖြင့် ရေးသားထုတ်ဝေသော စာအုပ် (၅) အုပ်ခန့်ရှိသည်ဟု သိရသည်။ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် မရန်ဇော်တောင်မှာ KIA ထောက်လှမ်းရေးအရာရှိဖြစ်ခဲ့ပြီး KIA ၏ အထူးထောက်လှမ်းရေးနှင့် မဟာဗျူဟာဌာနတွင် တာဝန်ထမ်းခဲ့ကာ ၂၀၂၃ ခုနှစ်တွင် KIA ဒုစစ်ဦးစီးချုပ် (၂)ဖြစ်ခဲ့သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed