အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ချင်းပြည်ကောင်စီ (Chinland Council) တို့ မေလ ၁၇ ရက်နေ့က ပထမဆုံးအကြိမ်တွေ့ဆုံပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက်ရခဲ့တယ်လို့ ချင်းပြည်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ သက် ဆိုင်ရာကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြတယ်လို့ ချင်းပြည်ကောင်စီ အတွင်းရေးမှူး ဆလိုင်းပေါလ် (Salai Paul) က ပြောပါတယ်။

“ဒီတစ်ခေါက်တွေ့ဆုံမှုက ပထမအကြိမ် တွေ့ဆုံမှုဖြစ်ပါတယ်၊ ကျွန်တော်တို့အနေနဲ့ ဘုံသဘောတူညီချက် လေးရပ်ကို အခြေခံပြီးတော့ ဆက်လက်ဆောင်ရွက်မဲ့ လုပ်ငန်းတွေအပေါ်မှာ တွေ့ဆုံဆွေးနွေးရေးကို အသီးသီးသဘောတူခဲ့ကြတဲ့အတိုင်းပဲ ဦးစွာပဏာမ တွေ့ဆုံတဲ့ သဘောအတိုင်းပဲ ဖြစ်ပါတယ်၊ အသေးစိတ် ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေး၊ စစ်ရေး၊ နိုင်ငံရေး ကိစ္စရပ်တွေကိုတော့ သက်ဆိုင်ရာ ကဏ္ဍအသီးသီးကလူတွေနဲ့ ရှေ့ဆက်ပြီးတော့မှ ပူးပေါင်းဆောင်ရွက်မဲ့ လုပ်ငန်းစဉ်တွေ ထားရှိထားတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီတွေ့ဆုံပွဲကို NUG ရဲ့ ယာယီသမ္မတလည်းဖြစ် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်ဖက်ဒရယ်ယူနစ်တွေအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC) ဥက္ကဋ္ဌ ယာယီသမ္မတ ဒူဝါလရှီးလ၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ FSCC အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ချင်းပြည်ကောင်စီ ဥက္ကဋ္ဌ ပူးဇင်ကျုံးနဲ့ အဖွဲ့ဝင်တွေ၊ ချင်းပြည်ကောင်စီ ဖွဲ့စည်းထားတဲ့ မဏ္ဍိုင် (၃) ရပ်က ချင်းပြည်လွှတ်တော်ဥက္ကဋ္ဌ ပူးဟုန်းနိုင်း၊ ချင်းပြည်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ပူးပါထန်းနဲ့ ချင်းပြည်တရားလွှတ်တော်ချုပ် တရားသူကြီးချုပ် ပူးသောမတ်(စ်)ထန်နိုး စတဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

FSCC နဲ့ ချင်းပြည်ကောင်စီကြားမှာ ရှေ့လုပ်ငန်းစဉ်တွေအတွက် ပုံမှန်တွေ့ဆုံဆွေးနွေးနိုင်ဖို့ သဘောတူညီမှုရခဲ့တယ်လို့လည်း ဆလိုင်းပေါလ်က ပြောပါတယ်။ FSCC နဲ့ Chinland Council နှစ်ဖက်ပူးပေါင်းဆောင်ရွက်မဲ့ ရှေ့လုပ်ငန်းစဥ် လေးရပ်ကို ချမှတ်သဘောတူညီခဲ့တယ်လို့ ထုတ်ပြန်ထားပေမဲ့ အသေးစိတ်ကိုတော့ ထုတ်ပြောတာ မရှိပါဘူး။ ချင်းပြည်ကောင်စီကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့ အစည်းအဝေးမှာ ဖွဲ့စည်းခဲ့ပြီး ချင်းလန်းကောင်စီကနေ ချင်းပြည် (Chinland) အစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၁၄ ခုနဲ့ ဒီနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed