July 25, 2023 || Tongsan Media Group ||

“လမ်းအားလုံး နေပြည်တော်သို့” ဆိုတဲ့နာမည်နဲ့ စစ်ရေးစီမံချက်တစ်ရပ်ကို အမျိုးသား ညီညွတ်ရေး အစိုးရက အကောင်အထည်ဖော်နေပါတယ်။ ဒီစီမံချက်ကို ပြည်သူ့ကာကွယ်ရေးတပ် PDF တွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းအကောင်အထည်ဖော်နေတာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောပါတယ်။

“လမ်းအားလုံး နေပြည်တော်သို့ စစ်ရေးစီမံချက်ဟာ နေပြည်တော်နား တစ်ဝိုက်အတွက်ပဲ ရေးဆွဲထားတာမျိုး မဟုတ်ဘဲနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရေးဆွဲထားတာဖြစ်သလို ဒီစီမံချက်ထဲမှာ PDF တွေရဲ့ စစ်ရေးအတွေ့အကြုံနဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့လည်းပါပါတယ်။ ဒီစီမံချက်ဟာ စိတ်ကူးယဉ်ဆန်ဆန်ရေး ဆွဲထားတာ မဟုတ်ဘဲနဲ့ လက်ရှိရှိနေတဲ့အနေအထားကို စနစ်တကျသုံးသပ်ပြီးတော့မှ ရေးဆွဲထားတာဖြစ်ပါတယ်” ဒီစီမံချက်ကို NUG ရဲ့တစ်နှစ်တာအစီအစဉ်နဲ့ တွဲဖတ အကောင်အထည်ဖော်နေတယ်လို့ NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က ဇွန်လထဲမှာ ပြောလိုက်တာဖြစ်ပါတယ်။

ဒီစီမံချက်မှာ KNU လည်း ပူးပေါင်းပါဝင်နေတယ်လို့ ပြောခွင့်ရသူ ပဒိုစောကလယ်စေးက RFA ကို ပြောပါတယ်။ “ဒီစီမံချက်မှာ ကျွန်တော်တို့ KNU အနေနဲ့က မဟာမိတ်အဖွဲ့ဖြစ်တဲ့အတွက် ကျွန်တော်တို့လုပ်နိုင်တဲ့ ကျွန်တော်တို့ နယ်မြေထဲမှာ ဘာတွေ ကျွန်တော်တို့ ဝိုင်းကူလို့ရမလဲဆိုတာ အဲဒီအပေါ်မှာ အခြေခံပြီး ပါဝင်သွားမယ်ဆိုတာ ကျွန်တော် အတိအကျပြောနိုင်ပါတယ်”

NUG ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) စတဲ့အဖွဲ့တွေနဲ့ မဟာမိတ်အဖြစ် ချိတ်ဆက်လှုပ်ရှားနေတာပါ။ စစ်ကောင်စီကလည်း နေပြည်တော်ကို လုံခြုံရေးပိုတင်းကျပ်ထားသလို NUG အစိုးရနဲ့ မဟာမိတ်ဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်နယ်မြေတွေမှာ စစ်ရေးတိုးမြှင့်နေတာ တွေ့ရပါတယ်။

တဖက်မှာလည်း UWSA ဝပြည်သွေးစည်းညီညွတ်ရေး NDAA မိုင်းလားအဖွဲ့နဲ့ SSPP ရှမ်းပြည်တိုးတက်ရေးပါတီက ကိုယ်စားလှယ်တွေနဲ့ နေပြည်တော်မှာ ဆွေးနွေးနေတယ်လို့ ဇူလိုင် ၂၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ ကချင်မှာဆိုရင် KIA ဌာနချုပ်လိုင်ဇာနားမှာ ဇွန်လကုန်ပိုင်းကစလို စစ်ကောင်စီတပ်က အင်အား တစ်ထောင်ဝန်းကျင်နဲ့ ထိုးစစ်ဆင်နေတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

“စစ်ကြောင်းနဲ့ ပြောမယ်ဆိုရင် ဗန်းမော်ဘက် တက်လာတဲ့ တစ်ကြောင်းရှိတယ်။ အဲဒီတစ်ကြောင်းက စစ်အင်အားကတော့ ၇၀၀၊ ၈၀၀ လောက်တော့ရှိမယ်လို့ ခန့်မှန်းပါတယ်။ တပ်ရင်းကတော့ ရှစ်ရင်းလောက် ရောက်ရှိနေတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ မြစ်ကြီးနားဘက်ကတော့ စစ်ကြောင်း နှစ်ကြောင်း၊ သုံးကြောင်းလောက် ထိုးနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ တချို့တွေက ထောက်ပို့တွေပေါ့။ အဲဒီမှာလည်း စစ်အင်အား ၂၀၀၊ ၃၀၀ လောက်ရှိမှာပါ”

NUG ရဲ့စစ်ရေးစီမံချက်နဲ့ပတ်သက်လို့ သဘောထားသိနိုင်ဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။ ဒါကြောင့် စစ်တပ်အရာရှိဟောင်းတွေဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို မေးကြည့်တော့ သူက အောင်မြင်နိုင်စရာမရှိတဲ့ သွေးထုံးလှုံ့ဆော်မှုလို့ ဝေဖန်ပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင် NUG ဘက်က ပြောနေတဲ့ စစ်ရေးစီမံချက်တို့၊ ဘာတို့ဆိုတာ သူတို့လုပ်တာတော့ ရှိပါလိမ့်မယ်။ ဒါပေမဲ့ အခုလောလောဆယ်မှာတော့ သတင်းတွေအရရော၊ မြေပြင်အခြေအနေအရရော ဘယ်လိုမှ အောင်မြင်နိုင်စရာမရှိတဲ့ သွေးထိုးလှုံ့ဆော်မှုအတွက် သီးသန့်ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်မျိုးလို့ ပြောလို့ရပါတယ်”

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ နိုင်ငံဟာ လုံခြုံရေးနဲ့ တည်ငြိမ်ရေး လိုအပ်နေသေးတယ်လို့ ဇူလိုင်လ ၁၃ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီ အစည်းအဝေးမှာ ထည့်သွင်းပြောဆိုပါတယ်။ အမေရိကန်စစ်တပ်က အငြိမ်းစားဒုဗိုလ်မှူးကြီးဖြစ်ပြီး ဟာဝိုင်ယီပြည်နယ် အာရှ-ပစိဖိတ်လုံခြုံမှု လေ့လာရေးဆိုင်ရာ ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်က လက်ရှိမှာ လက်နက်ကိုင်ခုခံသူတွေဟာ နေပြည်တော်ကို စစ်ရေးအရ ခြိမ်းခြောက်နိုင်တယ်လို့ ပြောပါတယ်။

“အခုနောက်ဆုံး နေပြည်တော်မှာ သတင်းတွေကြားနေရတာက သူတို့ နေပြည်တော်မှာ လုံခြုံရေးတွေ အရမ်းပဲ မြှင့်တင်နေရတယ်။ အဲဒီအရာကို ပြန်ကြည့်လိုက်လို့ရှိရင် သူတို့မှာ တော်တော်လေး ခြိမ်းခြောက်မှုရှိနေလို့ပေါ့။ သူတို့မှာ ကြောက်စရာမရှိဘူးဆိုရင် ဘာမှပြောင်းနေစရာမလိုဘူး။ ပြောနိုင်တာက PDF တွေအနေနဲ့ တကယ်ခြိမ်းခြောက်နိုင်လို့ သူတို့ နေပြည်တော်မှာရှိနေတဲ့ လုံခြုံရေးတွေကို မြှင့်တင်နေရတာလို့ ပြောလို့ရတယ်။ တကယ်တော့ နေပြည်တော်တင် မဟုတ်ဘူး တစ်နိုင်ငံလုံးမှာ သူတို့ရဲ့ ထိန်းချုပ်မှုက အရမ်းကျနေပြီ”

တစ်နိုင်ငံလုံးက မြို့နယ် ၃၃၀ မှာ ရာခိုင်နှုန်းပြည့် ထိန်းချုပ်ထားနိုင်တဲ့ မြို့နယ် ၁၉၈ မြို့နယ်ရှိတယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်က အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနကတော့ တစ်နိုင်ငံလုံးမှာ တပ်ရင်းနဲ့ စစ်ကြောင်း စုစုပေါင်း ၃၀၀ ကျော်အပြင် မြို့နယ်ပေါင်း ၂၅၀ မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့ထားတယ်လို့ ပြီးခဲ့တဲ့ မေလ၂၈ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ နိုင်ငံတကာလုံခြုံရေးဆိုင်ရာ အကဲခတ်တွေကတော့ မြန်မာစစ်ကောင်စီတပ်ရဲ့ အင်အားကို သုံးသိန်းကနေ သုံးသိန်းခွဲအထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Source: RFA News

Posted: Tongsan Admin Team

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed