ချင်းပြည်နယ်မြောက်ပိုင်းက ဇိုမီးလူမျိုးများ နေထိုင်ရာဒေသအတွင်း CNA ၊ ZRA အပါအဝင် ချင်းလက်နက်ကိုင် တပ်ဖွဲ့များ အနေဖြင့် အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှု ဆက်လက်ကျူးလွန်လာပါက အရေးယူဆောင်ရွက်သွားမည်ဟု ZFU/ PDF – Zoland ကပြောသည်။ ဇိုမီးလူမျိုးများ နေထိုင်ရာဒေသအတွင်း လက်နက်မဲ့ပြည်သူများအပေါ် မတရားဖမ်းဆီး ထိန်းသိမ်းခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ် ခြင်းများကို CNF/ CNA ၊ ZRA – EC ၊ CDF – Tonzang နှင့် CDF – Hualngoram တပ်ဖွဲ့တို့က ဆက်တိုက်ကျူးလွန်လာသည်ကို တွေ့ရှိရသည်ဟု ZFU/ PDF – Zoland က မတ်လ ၁၆ ရက်က ထုတ်ပြန်သည်။
“အဲဒါက အဖွဲ့အစည်း ၂ ခုပေါ့နော။ ZRA နဲ့ CNF ဆိုရင်လည်း ဇိုးလန်းနယ်မြေမှာ အဲဒီလို ကျူးလွန်လာတော့ အဲဒီမတိုင်ခင်က လည်း သတင်းထုတ်ပြန်ထားတာ ရှိတယ်။ လက်နက်မဲ့ ပြည်သူတွေ၊ အပြစ်မရှိတဲ့ လူတွေကို အဲဒီလို ညှင်းပန်းနှိပ်စက်တာတွေ ရှိလာတော့ ပြည်သူတွေရဲ့ တောင်းဆိုမှု အရပဲဖြစ်ဖြစ်၊ သူတို့ရဲ့ လုပ်ရပ်တွေကြောင့်လည်း တော်လှန်ရေးမှာ တဖက်က ပြည်သူ တွေရဲ့ ထောက်ခံမှုကို အားနည်းစေတယ်ပေါ့နော်။ အဲဒါကြောင့် ဒီလိုကန့်ကွက်ရှုတ်ချတာပါ” ဟု PDF – Zoland မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
လူထုအပေါ် အလားတူ လူ့အခွင့်အရေး ချိုးဖောက်သော လုပ်ရပ်များကို နောက်နောင်တွင် မည်သည့်အဖွဲ့အစည်းကမှ ထပ်မံ့ မကျူးလွန်ရန် PDF – Zoland က သတိပေးထုတ်ပြန်သည်။ ဆက်လက်ကျူးလွန်လာပါက ပြည်သူများနှင့်အတူ အမြဲရပ်တည်လျက် အရေးယူဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ZFU က ဆိုသည်။
“(ဘယ်လိုအရေးယူမယ်ဆိုတာ) အဲဒါက ပြောလို့ မရဘူး။ သူတို့ရဲ့ ကျူးလွန်တဲ့အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့က ဆက်ဆောင်ရွက်သွားဖို့လည်း ရှိတယ်။ ဒီလိုကျူးလွန်တဲ့ လက်နက်မဲ့ ပြည်သူတွေ၊ အရပ်သားတွေပေါ်မှာ ဒီလိုလက်နက် ကိုင်ပြီးတော့ ညှင်းပန်းနှိပ်စက်မှုတွေ အမျိုးမျိုးရှိခဲ့တယ်ဆိုရင် လုပ်ရပ်အပေါ်မှာ ပြည်သူနဲ့ တသားထဲ ဘယ်လိုလုပ်ရင် ကောင်းမလဲ ပြန်ဆုံးဖြတ်ဖို့ လိုတာပေါ့နော” ဟု ZFU/ PDF – Zoland ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
၂၀၂၄ ဒီဇင်ဘာလ ၁၀ ရက် CNF/ CNA နှင့် CDF – Tonzang တပ်ဖွဲ့ဝင်တချို့က ဇိုမီးဒေသတွင် စိတ်ကျန်းမာရေး ချို့ယွင်းသူ အရပ်သားပြည်သူ ၁ ဦးကို ဖမ်းဆီးရိုက်နှက်ပြီး သတ်ဖြတ်ခဲ့သည်ဟု PDF- Zoland က ထုတ်ပြန်သည်။ ၂၀၂၅ ဖေဖော်ဝါရီလ ၆ ရက်က Ngalbual ကျေးရွာနေ ပြည်သူ ၂ ဦးကို ZRA – EC တပ်ဖွဲ့က ဖမ်းဆီးရိုက်နှက်ပြီး သတ်ဖြတ် ခဲ့သည်ဟု PDF- Zoland ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ၂၀၂၅ မတ်လ ၁၁ ရက်မှာလည်း Bukphir ကျေးရွာနှင့် Ngalbual ကျေးရွာတို့တွင် နေထိုင်သော အရပ်သားပြည်သူ ၁၂ ဦးကို CDF – Hualngoram ဖမ်းဆီးခဲ့သည်ဟု PDF-Zoland က ဆိုသည်။
လက်ရှိတွင် Bukphir ကျေးရွာနှင့် Ngalbual ကျေးရွာတို့က ဖမ်းဆီးခံရသော ကျေးရွာသား ၁၂ ဦးကို CDF – Hualngoram ပြန်လွှတ်ပေးပြီဖြစ်ကြောင်း သိရသည်။ ZFU/ PDF – Zoland သည် ဇိုမီးလူမျိုးများ နေထိုင်ရာဒေသများဖြစ်သည့် ချင်းပြည်နယ်မြောက်ပိုင်းက တီးတိန်းမြို့နယ်နှင့် တွန်းဇံမြို့နယ်တို့တွင် စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်နေသည်မှာ ၄ နှစ်ကျော်ရှိလာပြီဖြစ်ကာ ICNCC နှင့် ချင်းညီနောင်အဖွဲ့ဝင်လည်းဖြစ်သည်။



Hits: 0