ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့၌ ယနေ့(ဇန်နဝါရီ ၆ရက်)တွင် တိုက်ပွဲပြင်းထန်ခဲ့‌‌ကြောင်း တအာင်းတပ်မတော်(TNLA)သတင်းပြန်ကြားရေးအရာရှိက ယနေ့ညပိုင်း၌ ပြောသည်။ ဒီဇင်ဘာ ၂၈ရက်က နမ္မတူမြို့ကို သိမ်းပိုက်ပြီးနောက် ကွတ်ခိုင်မြို့ကို ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ “ကွတ်ခိုင်မှာက ဒီနေ့တော့ တိုက်ပွဲတနေကုန် ပြင်းထန်ပြီးတော့ ဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီက ရဟတ်ယာဉ်၊လေကြောင်း လိုင်းသုံးပြီးမှ တိုက်ခိုက်ဗုံးကြဲတာရှိတယ်”ဟု TNLA သတင်းပြန်ကြားရေးအရာရှိက ပြောသည်။ လက်ရှိတွင် ကွတ်ခိုင်မြို့သိမ်းနိုင်ရန် ဗျူဟာကုန်းသာ ကျန်တော့သည်ဟု ဆိုသည်။

တအာင်းပြည်နယ် နမ္မတူမြို့နယ် ကုန်းဆာကျေးရွာသစ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုဖြင့် အကြိမ်ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ဟု TNLAက အသိပေးသည်။ ယမန်နေ့ (ဇန်နဝါရီ ၅ရက်) မွန်းလွဲတွင် စစ် ကောင်စီတပ်မှ Jet Fighter ဖြင့် နှစ်ကြိမ်၊ Y12 ဖြင့် တစ်ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ယမန်နေ့တွင်လည်း စစ်ကောင်စီတပ်မှ Jet Fighterဖြင့် တစ်ကြိမ် ထပ်မံလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မန်ဆာကျေးရွာဒေသခံ တစ်ဦး၊ တအာင်းတပ်မတော် TNLA ရဲဘော်တစ်ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး၊ လူနေအိမ် (၅)လုံး ပျက်စီးဆုံးရှုံးခဲ့သည်ဟု ထုတ်ပြန်သည်။ နမ္မတူကို TNLA က ဒီဇင်ဘာ ၂၈ရက်တွင် သိမ်းပိုက်ထားရာ စစ်ကောင်စီက ၎င်းတို့ အသိပေးထားသည့်အတိုင်း လေကြောင်းတိုက်ခိုက်လာခြင်း ဖြစ်သည်။

စစ်ကောင်စီနှင့် တအာင်းတပ်အပါအဝင်နောင်သုံးဖွဲ့တို့ တရုတ်နိုင်ငံ၌တွေ့ဆုံစဉ်ကို စစ်ကောင်စီကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က တိုင်းရင်း သားများသိမ်းထားသည့်မြို့များကို လေကြောင်းမှ လက်နက်ဆန်းများဖြင့် တိုက်ခိုက်မည်ဟုပြောဆိုခဲ့ကြောင်း တအာင်းတပ်ခေါင်းဆောင် ဗိုလ်မှူးချုပ်တားဖုန်းကျော်က အသိပေးထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed