ရက္ခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းအားလုံးကို သိမ်းပိုက်ထိန်းချုပ်ပြီးဖြစ်ကြောင်းရက္ခိုင့်တပ်တော် (AA) ပြော ရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောကြားသည်။ မင်းပြား၊ ကျောက်တော်နှင့်မြောက်ဦးမြို့များရှိ စစ်ကောင်စီတပ်ရင်းများကို AA က ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေသည့် အခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းမှုအပေါ် ဦးခိုင်သုခက ယနေ့ (​ဖေ​ဖော်ဝါရီ ၆ရက်) ညနေပိုင်း၌ဖြေကြားခြင်းဖြစ်သည်။

“မင်းပြားမြို့မှာရှိတဲ့ စစ်ကောင်စီ တပ်ရင်းတွေအားလုံးကို ကျနော်တို့ ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။ နယ်မြေရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်။ ကျန်တဲ့ အသေးစိတ် အချက် အလက်တွေကိုတော့ မကြာခင်ထုတ်ပြန်ပေးသွားဖို့ရှိပါတယ်” ဟု ဦးခိုင်သုခက People’s Spring ကိုပြောသည်။

မင်းပြားမြို့ တွင် စစ်ကောင်စီတပ်၏ လက်ကျန်တပ်ရင်းဖြစ်​သော အမှတ် ၃၇၉ ​ခြေမြန်တပ်ရင်း( ခမရ -၃၇၉) မှ တပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ ရာနှင့်ချီ၍ လက်နက်ချပြီးရက္ခိုင့်တပ်တော်(AA) က ​ဖေ​ဖော်ဝါရီ ၅ ရက်တွင် အပြီးသတ်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက​ပြောသည်။ “တရားဝင်သတင်းထုတ်လာလိမ့်မယ်။ တပ်ရင်းတရင်းလုံး လက်နက်ချတာကတော့ ၁၀၀ ရာခိုင်နှုန်းသတင်းအမှန်ပါ” ဟု AAနှင့် နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးကPeople’s Spring သို့ပြောသည်။

မင်းပြားမြို့တွင် ခမရ (၃၈၀)၊ ခမရ (၃၇၉) နှင့် ခမရ (၅၄၁) တို့ရှိပြီး ခမရ (၃၈၀) ကို ရက္ခိုင့်တပ်တော်က ဇန်ဝါရီ ၂၈ ရက်နေ့ အပြီးသတ် သိမ်းပိုက်ခဲ့သည်။ ခမရ(၅၄၁)ကိုလည်း ပြီးခဲ့သည့်ရက်အနည်းငယ်ကသိမ်းယူနိုင်ခဲ့ကာ ခမရ (၃၇၉)ကို ​ဖေ​ဖော်ဝါရီ ၅ ရက်က သိမ်းယူနိုင်ခဲ့ခြင်းဟု ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်များကပြောသည်။ သို့​သော် AA က ခမရ ၅၄၁ သိမ်းပိုက်ပြီး​ကြောင်းသတင်းမထုတ်ပြန်​သေးပါ “တပ်မမှူးကပါ လက်နက်ချတာပါ။ မင်းပြားကတပ်ရင်းတွေကို AAက ပိတ်ဆို့ထားတာ ကြာပြီ။ တောင့်မခံနိုင်လို့ လက် နက်ချာပုံရတယ်” ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

မင်းပြားမြို့မှ​ စစ်​ကောင်စီတပ်၏ ခြေမြန်တပ်ရင်း သုံးရင်းစလုံးသည် အမှတ်(၉) စစ်ဆင်ရေးကွတ်ကဲမှုဌာနချုပ် (စကခ -၉)အောက်၌ ရှိသည်။ စကခ(၉) တပ်မ၏ တပ်မမှူးမှာ ဗိုလ်မှူးချုပ်အောင်အောင်ဖြစ်ကြောင်းသိရသည်။ ထို​ကြောင့် မင်းပြားမြို့ရှိ စစ်​ကောင်စီတပ်ရင်း သုံးရင်းစလုံးကို AA ကသိမ်းပိုက်နိုင်ခဲ့ပြီး မင်းပြားမြို့တွင် စစ်​ကောင်စီတပ်စခန်းမကျန်​တော့ဟု ​ဒေသခံအချို့က​​​ပြောသည်။ ရခိုင်ပြည်နယ်တွင် စကခ (၉) လက်​အောက်၌ ခမရ တပ်ရင်း ၁၀ ရင်းရှိသည်။ AA က မင်းပြားမှ ခမရ ၃၇၉ ၊ ခမရ ၅၄၁ သိမ်းယူလိုက်ပြီး​နောကတပ်ရင်း ၈ ရင်းသိမ်းပြီးဖြစ်၍ ​ကျောက်​တော်မြို့ရှိ ခမရ ၃၇၅ နှင့် ​မြောက်ဦး မြို့ရှိ ခမရ ၃၇၇ တပ်ရင်း နှစ်ရင်းသာသိမ်းယူရန် ကျန်ရှိ​​တော့မည်ဖြစ်သည်။

ရက္ခိုင့်တပ်​တော်က ဒေသချင်းထိစပ်နေသည့် မင်းပြား၊မြောက်ဦးမြို့နယ်များမှစစ်ကောင်စီတပ်ရင်းများကို၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလကတည်းက ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်သည်။ ထိုမြို့နှစ်မြို့ရှိ စစ်​ကောင်စီ၏ ဌာနဆိုင်ရာရုံးများသည် နိုဝင်ဘာလကတည်းက ဖွင့်လှစ်နိုင်ခြင်းမရှိတော့ဘဲ စစ်ကောင်စီတပ်ရင်းများ၌ သွားရောက်ခိုလှုံနေကြခြင်းသည်။

AA က စစ်​ကောင်စီတပ်ရင်းဌာနချုပ်များ ၊စခန်းများကို ဆက်တိုက်သိမ်းယူ​နေခြင်းဖြစ်သည်။ မြောက်ဦးမြို့မှ ခမရ(၃၇၈)ကို ​ဖေ​ဖော်ဝါရီ ၅ ရက်တွင် လည်း​ကောင်း ၊ ခမရ (၅၄၀)တပ်ရင်းကို ဇန်နဝါရီ ၃၀ ရက်တွင် ‌လည်း​ကောင်း AAက သိမ်းယူခဲ့သည်။ထို​​ကြောင့် လက်ရှိတွက်​မြောက်ဦး မြို့၌ ခမရ (၃၇၇) နှင့် ရဲတပ်ရင်း(၃၁)သာ ကျန်ရှိတော့​သည်။ ခမရ ၃၇၇ သည် လက်နက်ကြီးများဖြင့် ပြည်သူများ​နေထိုင်ရာသို့ မကြာခဏ ပစ်ခတ် တိုက်ခိုက်​​​လေ့ရှိ​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

အလားတူ ကျောက်တော်မြို့တွင်လည်း ခမရ (၃၇၄)နှင့် ခမရ( ၃၇၆)ကို AA က သိမ်းယူထားပြီဖြစ်သည်။ ထို​ ကြောင့်ကျောက်တော်မြို့တွင် AA က သိမ်းပိုက်ရန် ခမရ (၃၇၅)သာ အပြီးသတ်သိမ်းပိုက်ရန် ကျန်ရှိတော့သည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က​ဖေ​ဖော်ဝါရီ ၅ ရက်နေ့ညတွင်သတင်းထုတ်ပြန်သည်။

မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်များတွင် စစ်ကောင်စီမှ လက်လွှတ်ဆုံးရှုံးရန် ရာနှုန်းပြည့်သေချာနေသော စခန်းအချို့အား အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု ညီ​နောင် သုံးဖွဲ့က ​ဖေ​ဖော်ဝါရီ ၄ ရက်တွင်ထုတ်ပြန်ထားသည်။

ထိုအပြင် ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့ရှိ တောင်ပြို (လက်ဝဲ-လက်ယာ) စခန်း နှစ်ခုအား AAက ထိုးစစ်ဆင်တိုက်ခိုက်​နေရာတောင်ပြို (လက်ယာ) စခန်းအား​ဖေ​ဖော်ဝါရီ ၄ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်ျန​သောတောင်ပြို (လက်ဝဲ) စခန်းကိုလည်း ယ​နေ့တွင် သိမ်းပိုက်နိုင်ပြီဟု ​ဒေသတွင်းသတင်းဌာနအချို့က ​ဖော်ပြ​နေသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed