ဗာတီကန်နန်းတော်တွင် ပုပ်ရဟန်းမင်းကြီးအသစ် ရွေးချယ်ပွဲကို ဒုတိယမြောက်အနေ့အဖြစ် ဒေသစံတော်ချိန် ယနေ့နံနက်ပိုင်းတွင် ဆက်လက်လုပ်ဆောင်ခဲ့ရာ လျှိူ့ဝှက်ရွေးချယ်ဆောင် Sistine Chapel မှ အနက်ရောင်မီးခိုးများ ထုတ်လွှတ အချက် ပြသဖြင့် မဲပေးရွေးချယ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
စိန့်ပီတာရင်ပြင်တွင် စုရုံးရောက်ရှိနေသော သစ္စာရှိသူ ထောင်ပေါင်းများစွာသည် အထူးဆောင်၏ အမိုးပေါ်ရှိ မီးခိုးခေါင်းတိုင်မှ မီးခိုးများထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြပြီး ဗာတီကန် ဒေသစံတော်ချိန် နံနက် ၁၁ နာရီထိုးရန် မိနစ်အနည်းငယ်အလိုတွင် ရလဒ်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ လျှိူ့ဝှက် ပြုလုပ်ရသည့် ရွေးချယ်ရေး အစီအစဉ်အရ မည်းနက်သောမီးခိုးသည် ပုပ်ရဟန်းမင်း မရွေးချယ်ရသေးကြောင်း ပြသပြီး အဖြူရောင်မီးခိုးသည် ပုပ်ရဟန်းမင်းအသစ် ရွေးချယ်ပြီးကြောင်း ကြေညာခြင်းဖြစ်သည်။
ကာဒီနယ်များက ယနေ့တွင် မဲပေးမှု နှစ်ကြိမ်အထိ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ ကာဒီနယ်များသည် ၃ပုံ ၂ပုံ အများစုဆန္ဒ ရရှိသူပေါ်ထွက်လာသည်အထိ တစ်နေ့လျှင် နံနက် ၂ ကြိမ်၊ ညနေ ၂ ကြိမ် စုစုပေါင်း ၄ကြိမ်အထိ အများဆုံး မဲပေးခွင့်ရှိသည်။ ယခုခေတ်ကာလတွင် မည်သည့်ပုပ်ရဟန်းမင်းမျှ ပထမအကြိမ် မဲပေးမှုဖြင့် ရွေးကောက်ခံရခြင်း မရှိသောကြောင့် ယမန်နေ့က မည်းနက်သောမီးခိုး ထွက်ပေါ်လာခြင်းသည် အများက မျှော်လင့်ထားပြီးဖြစ်သည်။ သို့သော် နောက်ဆုံးရွေးချယ်မှု သမိုင်းအရ ဒုတိယနေ့တွင် နောက်ဆုံးရလဒ် ထွက်ပေါ်လာနိုင်ခြေရှိနေသည်။
လက်တင်အမေရိကမှ ပထမဆုံး ပုပ်ရဟန်းမင်းဖြစ်သော ဖရန်စစ်သည် ၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့သော လျှိူ့ဝှက်ရွေးချယ်တင်မြှောက်ပွဲ၏ ဒုတိယနေ့ ညနေပိုင်းတွင် ရွေးကောက်ခံခဲ့ရပြီး ၂၀၀၅ ခုနှစ်တွင် ၎င်း၏ရှေ့မှ ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ် ၁၆ သည်လည်း အလားတူပင် ဒုတိယမြောက်နေ့၌ ရွေးချယ်ခံခဲ့ရသည်။




Hits: 0