လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) သည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် ဆက်လက်ထိတွေ့ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန်လ ၁ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် ဒသမအကြိမ်အစည်းအဝေးသို့ ပေးပို့သော သဝဏ်လွှာတွင် တရားဝင်ထုတ်ဖော်ပြောကြားလိုက်ပြီး၊ စစ်ကော်မရှင်တပ်ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုကြရန် အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းလိုက်သည်။

APHR သည် စစ်ကော်မရှင်တပ်က ကျယ်ပြန့်သော အကြမ်းဖက်မှုများနှင့် ဖိနှိပ်မှုများကြားတွင် အတုအယောင်ရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက်၊ မိမိကိုယ်ကို အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းလဲကာ နိုင်ငံတကာ၏ တရားဝင်မှုရရှိရန် ကြိုးပမ်းနေခြင်းအပေါ် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားသည်။

သေနတ်ဖြင့် ခြိမ်းခြောက်ချူပ်ကိုင်ထားသော အခြေအနေအောက်တွင် ကျင်းပသည့် ရွေးကောက်ပွဲသည် ပြည်သူ့ဆန္ဒကို ကိုယ်စားမပြုနိုင်ကြောင်းနှင့် ယူနီဖောင်းပြောင်းလဲဝတ်ဆင်ရုံဖြင့် အုပ်ချုပ်မှုစနစ်ပြောင်းလဲသွားခြင်း မဟုတ်ကြောင်း သဝဏ်လွှာတွင် အလေးအနက် ထောက်ပြထားသည်။

“ယူနီဖောင်း ပြောင်းလဲဝတ်ဆင်လိုက်ခြင်းက အုပ်ချုပ်မှုစနစ် ပြောင်းလဲသွားသည်ဟု မဆိုလိုသောကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ယင်းကြိုးပမ်းမှုများကို ငြင်းပယ်ကြရန်နှင့် စစ်တပ်ဦးဆောင်သော အစိုးရကို အသိအမှတ်မပြုကြရန် တိုက်တွန်းသည်။”

ASEAN Parliamentarians for Human Rights (APHR) အနေဖြင့် အောက်ခြေမှအထက်သို့ တည်ဆောက်သော ဖက်ဒရယ်စနစ်ကို ထောက်ခံသည့်အနေဖြင့် SCEF ဖွဲ့စည်းနိုင်ခြင်းကို အားလုံးပါဝင်နိုင်သော ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေးအတွက် အဓိပ္ပာယ်ရှိသော ခြေလှမ်းတခုအဖြစ် ယုံကြည်ထားသည်။ ၎င်းအပြင် ပြည်သူ့ဥပဒေပြုရေးအသံအဖြစ် Committee Representing Pyidaungsu Hluttaw (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့်အတူ ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်သွားမည်ဟု ကတိပြုခဲ့သည်။

တချိန်တည်းတွင် မြန်မာနိုင်ငံ၌ လူပေါင်း ၂၂ သန်းကျော် လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေသည့် ကပ်ဘေးကြီးအပေါ် စိုးရိမ်ကြောင်းနှင့် ၎င်းတို့မှာ ကိန်းဂဏန်းများမဟုတ်ဘဲ လူ့အသက်များဖြစ်ကြောင်း သတိပေးထားသည်။ ထို့ကြောင့် နိုင်ငံတကာပါလီမန်များအဖွဲ့ (Inter-Parliamentary Union-IPU) က ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှ ရွေးကောက်ခံ ကိုယ်စားလှယ်များကိုသာ အမှန်တကယ် တရားဝင်ကိုယ်စားလှယ်များအဖြစ် ဆက်လက်အသိအမှတ်ပြုထားခြင်းကို ဝမ်းမြောက်စွာ ကြိုဆိုကြောင်း ထည့်သွင်းဖော်ပြထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed