သမ္မတ ဗလာဒီမာ ပူတင်၏ ၃ ရက်အပစ်အခတ်ရပ်စဲရေး ကြေညာချက် စတင်အသက်ဝင်နေပြီ ဖြစ်သော်လည်း ရုရှားတပ်ဖွဲ့များသည် ရှေ့တန်းစစ်မျက်နှာများတွင် ရာနှင့်ချီသောတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကာ ယူကရိန်းမြို့များစွာတွင် အရပ်သားများ သေဆုံးဒဏ်ရာရစေခဲ့သော လမ်းညွှန်ထိန်းချုပ်နိုင်သည့် ဗုံးများဖြင့် ပစ်ခတ်ခဲ့သည် ယူကရိန်းက စွပ်စွဲထားသည်။
ယနေ့ (မေလ၉ရက်) တွင် ကျရောက်သည့် ရုရှား၏ ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ နှစ်ပတ်လည်ကို အကြောင်းပြု၍ သတ်မှတ်ထားသော ၃ရက်ကြာ အပစ်အခတ်ရပ်စဲရေးကို ရုရှားသမ္မတ ပူတင်က လွန်ခဲ့သောလတွင် ကြေညာခဲ့သည်။
သမ္မတပူတင်၏ ကြေညာချက်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများ အပေါ်အခြေခံ၍ မေ ၈ ရက် သန်းခေါင်ယံမှ မေ ၁၁ ရက် သန်းခေါင်ယံအထိ ယူကရိန်းကို တိုက်ခိုက်သည့် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံးကို ရပ်ဆိုင်းရန် အမိန့်ပေးခဲ့သည်။ ရုရှားနိုင်ငံပိုင်သတင်းဌာန Tass က အပစ်အခတ်ရပ်စဲရေးကို စီစဉ်ထားသည့်အတိုင်း စတင်ခဲ့သည်ဟု ဖော်ပြခဲ့သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ယူကရိန်းလေတပ်က ထုတ်ပြန်ထားသည်။
ရုရှားသည် ယူကရိန်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ ဆူမီနှင့် တောင်ပိုင်းရှိ မိုင်ကိုလိုင်ယိဗ်မြို့များအပေါ် လမ်းညွှန်ထိန်းချုပ်နိုင်သည့်ဗုံးများ ပစ်ခတ်ခဲ့သည်ဟု စစ်တပ်နှင့် ဒေသအာဏာပိုင်များက တယ်လီဂရမ်တွင် ရေးသားခဲ့သည်။ ဆူမီဒေသ အစိုးရရှေ့နေရုံး၏ အဆိုအရ ယမန်နေ့ နံနက်အစောပိုင်းတွင် ရုရှားဘက်မှ ပစ်ခတ်မှုကြောင့် အဆိုပါဒေသ၌ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး သူမ၏သား ဒဏ်ရာရရှိခဲ့သည်။ နာရီဝက်ခန့်အကြာတွင် ဗိုရော့ရှ်ဘာဒေသ၌ အခြားဗုံးတစ်လုံး ကျရောက်သော ကြောင့် အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသအစိုးရရှေ့နေက ဆိုသည်။
ခါဆွန်ဒေသ စစ်ဘက်အုပ်ချုပ်ရေးအဖွဲ့၏ အကြီးအကဲကလည်း မေလ ၈ ရက်နေ့က ရုရှား၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ဒေသရှိ ကျေးရွာတစ်ရွာ၌ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သလို လာရောက်ပစ်ခတ်သည့် ဒရုန်းများစွာကိုလည်း တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ယူကရိန်း စစ်တပ်၏ ခေါတီဆီယာ စစ်ဆင်ရေးနှင့် မဟာဗျူဟာမြောက် အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗစ်တာ တရီဂူဘော့ဗ်က ရုရှားတပ်များ မေလ ၈ ရက် နံနက်ပိုင်းတွင် လှုပ်ရှားမှုနည်းပါးသည်ဟု ဆိုသည်။
“အချို့ဒေသတွေမှာ မနက်ပိုင်းက တိုက်ပွဲတွေ မရှိခဲ့ပေမယ့် အခြားဒေသအတော်များများမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အပစ်အခတ်ရပ်စဲတယ်လို့ ပြောလို့မရပါဘူး” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ ရုရှားတပ်များသည် အပစ်အခတ်ရပ်စဲရန် ကြေညာထားသည့် သန်းခေါင်ယံမှစ၍ လိုင်မန်၊ ဗိုဗ်ချန့်စ်၊ ခရာမာတော်စ်ခ်၊ ချာဆစ်ယာ၊ တိုရက်စ်ခ်နှင့် ပိုခရော့ဗ်စ်ခ်အနီးတွင် ထိုးစစ်ဆင်မှုများ စတင်ခဲ့ကြောင်းလည်း အဆိုပါအရာရှိကပြောသည်။
ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကမူ ၎င်းတို့တပ်ဖွဲ့များက တိုက်ခိုက်မှုအားလုံးကို ရပ်တန့်ခဲ့သည်ဟု ကြေညာထားကာ ယူကရိန်းက ဆက်လက်တိုက်ခိုက်နေကြောင်း စွပ်စွဲခဲ့သည်။ ၎င်းတို့အနေဖြင့် ယူကရိန်း၏ လုပ်ရပ်များကို တုံ့ပြန်မည်ဖြစ်ကြောင်း ပြောသည်။ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီက ပူတင်၏ ကြေညာချက်ကို ပြဇာတ်တစ်ခုသာ ဖြစ်ကြောင်းနှင့် ရုရှားက ငြင်းပယ်ထားသော အမေရိကန်အဆိုပြုသည့် ရက်ပေါင်း ၃၀ ကြာ အပစ်အခတ်ရပ်စဲရေးကို ထောက်ခံကြောင်း ထပ်မံအတည်ပြုထားသည်။



Hits: 0