ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ မြိတ်−ထားဝယ်ခရိုင် ခရိုင်ဌာနချုပ် နှင့် တပ်မဟာဌာနချုပ်ဟောင်းတည်ရှိရာ ထီးခီးဒေသကို ယနေ့ မေ ၉ ရက်နေ့တွင် အလုံးစုံပြန်လည် သိမ်းပိုက်နိုင်ပြီ ဖြစ်ကြောင်း KNU ကထုတ်ပြန်သည်။ စစ်ကောင်စီ၏ ထီးခီးဗျူဟာစခန်းကို ပြီးခဲ့သည့် ဧပြီ ၂၈ ရက်နေ့မှ စတင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ မေ ၉ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDO) နှင့် တော်လှန်ရေး ပူးပေါင်းတပ်များမှ ဗျူဟာစခန်းကို သိမ်းပိုက်နိုင်ခဲ့ ခြင်း‌‌ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် ထီးခီးဒေသတွင် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်များကာကွယ်ရေးတို့အတွက် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လည်း KNU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထီးခီး ဒေသတွင် ကရင်အမျိုးသားအစည်းအရုံးမှ ၁၉၇၄ ခုမှစတင်ကာ ခရိုင်ဌာနချုပ် နှင့် တပ်မဟာ ဌာနချုပ်ရုံးများ တည်ဆောက်ကာနေထိုင်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် စစ်ကောင်စီက တပ်မ-၅၅ နှင့် ၆၆ ဦးဆောင်သည့် တပ်ရင်း ၂၀ ခန့်ဖြင့် ထိုးစစ်ဆင်သိမ်းပိုက်ခဲ့သည့် အတွက် ထီးခီးဒေသကို လက်လွှတ်ခဲ့ရခြင်းဖြစ် ကြောင်းလည်းသိရသည်။

အဆိုပါထီးခီးဒေသရှိ ထီးထဗျူဟာစခန်းကိုလည်း ပြီးခဲ့သည့် ဧပြီ ၁၉ ရက်နေ့က တပ်မဟာ-၄ ဦးဆောင်သည့် KNLA တပ်ဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့များက စခန်းသိမ်းပိုက်ခဲ့ပြီဖြစ် ကြောင်းလည်း သိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်