မြန်မာနိုင်ငံမှာ လာရောက်ပြီးငလျင်ဘေးဒဏ်သင့်မြန်မာပြည်သူတွေကိုဆေးကုသပေးခဲ့တဲ့ အမေရိကန်အခြေစိုက် ခရစ်ယာန် Samaritan’s Purse International Relief ဆးပညာရှင်အဖွဲ့သားတွေဟာ ၎င်းတို့ရဲ့အရေးပေါ်ဆေးရုံကို လှူဒါန်းလွှဲပြောင်းပေးခဲ့ပြီး ပြန်လည်ထွက်ခွာသွားပြီလို့ စစ်ကောင်စီလက်အောက်က ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ မေလ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Samaritan’s Purse International Relief ဆေးပညာရှင်အဖွဲ့ဟာ ဧပြီလ ၅ ရက်နေ့ကစလို့ မေလ ၆ ရက်နေ့အတွင်း နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်အားကစားကွင်းမှာ အရေးပေါ်ဆေးကုသမှု ဆေးရုံတွင် ခွဲစိတ်ကုသမှုပေါင်း ၃၀၃ ခု၊ လူနာပေါင်း ၅၈၁၃ ဦး အားကုသမှုပေးခဲ့ပြီး အခုလှူဒါန်းလွှဲပြောင်းပေးခဲ့တဲ့ အရေးပေါ်ဆေးရုံတွင် အရေးပေါ်ဆေးကုသဆောင်၊ လူနာဆောင်တွေ၊ အရေးပေါ်ခွဲစိတ်ခန်းတွေ၊ ဆေးပေးခန်း၊ ဓါတ်ခွဲခန်း၊ ရေသန့်စင်စနစ်တွေပါဝင်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၅ သန်း ခန့်တန်ဖိုးရှိတယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် Samaritan’s Purse International Relief အဖွဲ့က နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဒဏ်သင့် အိမ်ထောင်စု ၅၀၀၀ အတွက် ဆိုလာမီးများ၊ ရေသန့်စက်များ၊ အိမ်ထောင်စုသုံးပစ္စည်းများ အစရှိတဲ့ ပစ္စည်းတွေကိုလည်း ထောက်ပံ့ခဲ့တယ်လို့လည်း ဆိုပါတယ်။
မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းနဲ့ မန္တလေးမြို့အနီး ဗဟိုပြုကာ လှုပ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ဆေးရုံဆေးခန်းပေါင်း ၃၅၀ ကျော် ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဖိတ်ခေါ်ခဲ့ရာ နိုင်ငံပေါင်း ၁၇ နိုင်ငံက အရေးပေါ်ဆေးအဖွဲ့ ၂၈ ဖွဲ့ ရောက်လာတဲ့အထဲ Samaritan’s Purse International Relief အဖွဲ့လည်းအပါဝင်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
နာမည်ကျော်ကြားတဲ့ ခရစ်ယာန် တရားဟောဆရာ ဆရာကြီးဘီလီဂရေဟမ်ရဲ့ သား တရားဟောဆရာ ဖရန်ကလင်ဂရေဟမ် ဦးဆောင်တဲ့ Samaritan’s Purse အဖွဲ့ဟာ ကမ္ဘာပေါ်ရှိ သဘာဝဘေး၊ စစ်ဘေး၊ အငတ်ဘေး၊ ရောဂါနဲ့ တခြားလိုအပ်တဲ့နေရာတွေမှာ လေယာဉ်ပေါင်း ၂၁ စီး နဲ့ အတူ ရဟတ်ယာဉ်၂ စီးဖြင့် ဒုက္ခရောက်နေသူတွေကို သခင်ယေရှု့ ဘုရားရဲ့ မေတ္တာဖြင့် ကူညီနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။





Hits: 0