မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မကျေးရွာကို စစ်ကောင်စီနှင့် ပျူစောထီးများ ဝင်ရောက်စီးနင်းပြီး ကျောင်းသား လေးဦး အပါအဝင် ၁၁ ဦးကို သတ်ဖြတ်ကာ အရပ်သား ၁ဝ ဦးကို ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။ ဂန့်ဂေါမြို့ ခလရ (၅၀) တပ်ရင်းနှင့် အမြောက်တပ်ရင်းတို့မှ စစ်ကောင်စီနှင့် ပျူစောထီး စုစုပေါင်း အင်အား ၁၀၀ ခန့်သည် ယနေ့ မေလ ၁၂ ရက်နေ့၊ နံနက်၂ နာရီခန့်က လယ်မကျေးရွာကို ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
“သေနတ်မိုးပေါ်ပစ်ဖောက်ပြီး ရွာကိုဝိုင်းထားတာပါ။ အဲမှာရွာထဲက လူတွေ အကုန်ဆွဲထုတ် ဖမ်းဆီး တော့တာပါ။ ကျောင်းသားတွေကိုတော့ ရွာအပြင် ခေါ်ထုတ်သွားပြီး သတ်ဖြတ်သွားတယ်။ ကျောင်းသား တွေကို သေနတ်နဲ့ပစ်သတ်တယ်။ တခြားသူတွေကိုတော့ နှိပ်စက်ပြီး သတ်ဖြတ်သွားတာပါ ” ဟု ဂန့်ဂေါမြို့နယ်ဒေသခံတစ်ဦးက ပြောသည်။
သတ်ဖြတ်ခံရသည့် ကျောင်းသားများသည် မောင်မှိုင်းဝေ (၁၃) နှစ်၊ မောင်သျှန်ထွန်း (၁၂) နှစ်၊ မောင်သီဟလင်း (၁၅) နှစ်၊ မောင်မျိုးသီဟ (၁၅) နှစ်တို့ဖြစ်ပြီး ကျန်သူများမှာ ကိုကျော်စန်းခိုင် (၂၄) နှစ်၊ ကိုသက်ပိုင်ဦး (၂၃) နှစ်၊ ကိုအောင်ကြည်မင်း (၃၉) နှစ်၊ ကိုနေလင်းဦး (၂၅) နှစ်၊ ကိုညီလေး (၂၇) နှစ်၊ ကိုဂျွန်ဂိုဝင်း (၁၉) နှစ် နှင့် ကိုကျော်မြတ်သူ (၁၉) နှစ်တို့ဖြစ်သည်။
ထို့အပြင် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအဖွဲ့သည် လယ်မကျေးရွာမှ အမျိုးသမီး သုံး ဦး အပါအဝင် အရပ်သား ၁၀ ဦးကို ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ ညနေပိုင်း အချိန်ထိ ပြန်လည်လွတ်ပေးခြင်းမရှိသေးကြောင်း သိရှိရသည်။
“စဖမ်းတုန်းက ရွာသား ၂၃ ယောက်ပါ။ ဒီမနက်မှာ ၁၃ ယောက်က ပြန်လွတ်လာကြပါပြီ။ ကျန်တဲ့ ၁၀ ယောက်လောက်က ခလရ ၅၀ တပ်ရင်းမှာ ရိုက်နှက်စစ်ဆေးခံရတယ်လို့ သိရပါတယ်။ အမျိုးသမီး သုံး ဦးပါတယ်။ ပြန်မလွှတ်ပေးသေးဘူး။ အခုရွာသားတွေက ရွာထဲမနေရဲတော့ဘဲ ထိတ်လန့်နေကြတယ် ။ သတ်ဖြတ်သွားတဲ့ လူငယ်၁၁ ဦးကိုတော့ မေလ ၁၃ရက် နေ့က သဂြိုဟ်ခဲ့တယ်လို့သိရပါတယ် “ ဟု ဂန့်ဂေါမြို့နယ်ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီ လော်ဘီ တယ်လီဂရမ်ချန်များနှင့် ဝါဒဖြန့် မီဒီယာများနတွင် ယနေ့ နံနက်ပိုင်းက လယ်မရွာရှိ PDF စခန်းကို ဝင်ရောက်စီးနင်းရာနတွင် PDF ၂၂ ဦး သေဆုံး၍ သေနတ် ခုနစ် လက်သိမ်း ဆည်းရမိခဲ့ကြောင်းသတင်းများဖြန့်ချိထားသော်လည်း အသက်မပြည့်သေးသည့် ကျောင်းသား လေးဦးကိုပါ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
လယ်မကျေးရွာတွင် PDF တပ်စခန်းမရှိသလို PDF တပ်ဖွဲ့တချို့ ရွာသို့ အလည်လာစဥ် သတင်းပေး ဒလန်ကြောင့် စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့မှ ဝင်ရောက်စီးနင်းပြီး အရပ်သားများနှင့်အတူ သတ်ဖြတ်ခံရခြင်းမျိုး ဖြစ်နိုင်သည်ဟု ဂန့်ဂေါမြို့နယ်တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။


Hits: 0