ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်မှာ လူငယ်တွေကို CDF တွန်းဇံအဖွဲ့က အခြေခံစစ်ပညာသင်တန်းတွေ ပေးနေပြီး ဒေသခံလူငယ်တချို့ ထွက်ပြေး တိမ်းရှောင်မှု တွေရှိနေတယ်လို့ သိရပါတယ်။ အသက် ၁၈ နှစ်ကနေ ၃၅ နှစ် အထိ အမျိုးသားတွေကို စစ်သင်တန်းပေးနေတာဖြစ်ပြီး စစ်ကောင်စီနဲ့ ZRA ရန်ကနေ ကာကွယ်ဖို့ လုံခြုံရေးအတွက် သင်တန်းပေး နေတာလို့ CDF တွန်းဇံဘက်က ပြောပါတယ် ။ ပထမ အသုတ်အဖြစ် လူငယ် ၁၂၀ ခန့်ကို ရက်တိုစစ်သင်တန်းပေးခဲ့ပြီး အခုအပတ်ထဲမှာပဲ လူငယ် ၈၀ ခန့်ကို စစ်သင်တန်း ပေးခဲ့တယ်လို့ သိရပါတယ်။
” စစ်သင်တန်းကို တစ်အိမ် တစ်ယောက် တက်ခိုင်းတယ်၊ မတက်ရင် အိမ်တွေကို လာဆွဲခေါ်ပြီး တက်ခိုင်းတာ။ ပထမအသုတ်မှာ တချို့က သင်တန်း ကာလ အတွင်းမှာတင် ထွက်ပြေးခဲ့ကြတယ်။ အုပ်ချုပ်ရေးမှူးက သင်တန်းပြီးအောင် တက်ပါလို့ ပြောလို့ ကျွန်တော်က သင်တန်း ပြီးတော့ တခါတည်း ထွက်ပြေးခဲ့တယ်။ အခုလည်း ဒုတိယအသုတ် သင်တန်းလုပ်နေတယ်။ လူငယ်တွေ ထပ်ရှောင်လာတာတွေ ရှိတယ်။ “ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။စစ်သင်တန်း တက်ရောင်ပြီးသူတွေထဲမှာ CDF တွန်းဇံ တပ်ဖွဲ့ထံ ၀င်ရောက်လိုရင် ၀င်ခွင့်ပြုမှာ ဖြစ်ပြီး မ၀င်ချင်သူတွေကို ကိုယ့်ရပ်ရွာတွေမှာပြည်သူ့လုံခြုံရေးအဖြစ် အရန်တပ်အနေနဲ့ ထားရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
” ပြည်သူ့လုံခြုံရေးပေါ့နော်၊ စစ်ကောင်စီရန်နဲ့ ZRA ရန်က ကာကွယ်နိုင်ဖို့ ဆိုပြီးတော့ လူငယ်တွေကို ပြည်သူ့ လုံခြုံရေးသင်တန်း တက်ခိုင်းတယ်။ တွန်းဇံမြို့နယ်၊ ကျေးရွာကောင်စီရဲ့ အစည်းဝေးဆုံးဖြတ်ချက်နဲ့ ရွာတိုင်း ရွာတိုင်းမှာ လူငယ်တွေ စစ်သင်တန်းတက်ရမယ်ဆိုပြီးတော့ မြို့နယ်ကောင်စီ သဘောတူညီချက်နဲ့ တက်ခိုင်းပါတယ်။ နာ့ဇန်ကျေးရွာနဲ့ ဘောင်မွှာကျေးရွာ မီးရှို့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒါ လုံခြုံရေးသင်တန်း ပေးထားခြင်းဖြစ်တယ်။ “ လို့ CDF- Tonzang စစ်ဦးစီးချုပ် ဦးထန်ဆွင်းမုန် က ပြောပါတယ်။ တွန်းဇံမြို့နယ်ကို ချင်းလဲန်းကောင်စီပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် မေလ မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေး လည်ပတ်နေတာလည်း ဖြစ်ပါတယ်။
Hits: 0