အီရန်မြို့တော် တဟီရန်က လူထုကို မြို့တွင်းကနေ အားလုံးထွက်ခွာဖို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် ပြောလိုက်ပြီး မကြာခင်မှာပဲ မြို့တော် တဟီရန်မှာ ပေါက်ကွဲသံတွေကြားနေရပါတယ်။ တဟီရန်မှာတော့ ဒေသစံတော်ချိန် ဇွန်လ ၁၇ ရက် မနက် ဒေသစံတော်ချိန် ၆ နာရီကျော်ပဲ ရှိနေပါသေးတယ်။ အီရန်-အစ္စရေး အရေးကြောင့် သမ္မတ ထရမ့်ဟာ ကနေဒါနိုင်ငံမှာ ကျင်းပတဲ့ G7 ထိပ်သီးဆွေးနွေးပွဲခရီးကို ချုံ့ လိုက်တယ်လို့ ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ ထရမ့်က အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ဖို့ ပြောထားလိုက်ပြီဖြစ်ပေမဲ့ အီရန်ကို လုပ်တဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ အမေရိကန်ပါဝင်မှာ မဟုတ်ဘူးလို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။
အီရန်မှာတော့ လူထုဟာ မြို့တော်ကနေ ထွက်ခွာဖို့ လုပ်နေပမဲ့ လမ်းတွေပိတ်ထားလို့ လူထုဟာ လူပမ်းစိတ်ပမ်းဖြစ်နေပြီလို့ မြို့ခံတွေက ပြောတဲ့ အ ကြောင်း ဘီဘီစီ ပါရှန်းဘာသာ သတင်းထောက်က ပြောပါတယ်။ မြို့ခံတွေ ပြောတာကတော့ ‘’လူ ၁၀ သန်း ချက်ချင်းဘယ်လို ပြောင်းကြ ရွှေ့ကြမှာလဲ’’ ဆိုတဲ့မေးခွန်းထုတ်ကြတယ်လို့လည်း သတင်းထောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းမှာပဲ အစ္စရေးမှာလည်း လေကြောင်းရန်အန္တရာယ် အချက်ပေးသံတွေ အကြိမ်ကြိမ် ထွက်ခဲ့ပြီးဖြစ်ပေမဲ့ ထူးထူးခြားခြားထိခိုက်မှု သတင်းတော့ မထွက်သေးပါဘူး။ တနင်္လာနေ့ အစောပိုင်းတုန်းကတော့ အီရန်ရဲ့ နိုင်ငံပိုင်မီဒီယာအဆောက်အဦတွေကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးက ပြောပြီး နိုင်ငံပိုင်ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်ချိန်မှာဖြစ်ခဲ့တာဖြစ်လို့ တိုက်ခိုက်ခံရတဲ့အခိုက်အတန့်ဟာ ရုပ်သံထုတ်လွှင့်မှုထဲ ပါသွားခဲ့ပါတယ်။
အီရန် – အစ္စရေး အခြေအနေ နောက်ဆုံးရသတင်းတွေအပြင် ဇွန်လ ၁၇ ရက် မြန်မာနဲ့ ကမ္ဘာတဝန်း ထိပ်တန်းရောက် သတင်းတွေကို ဘီဘီစီ မြန်မာပိုင်း အင်တာနက် စာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။



Hits: 0