ချင်းပြည်နယ် တီးတိန်မြို့ ကလေး-တီးတိန်ကားလမ်းမကြီးပေါ်မှာ စစ်ကောင်စီ နဲ့ ချင်းတော်လှန် ရေးတပ်တွေ တစ်လနီး ပါးတိုက်ပွဲ ဖြစ်ပွားနေခဲ့ပြီး စစ်ကောင်စီ အထိနာအသေများကာ ၁၅ မိုင်အထိသာ ခရီးရောက်သေးတယ်လို့ ဒေသခံစစ် ရေး သတင်းရင်းမြစ် တွေက ပြောပါတယ်။
ဗျူဟာမှူးတစ်ဦး အပါအဝင် အင်အား ၅၀၀ ကျော်ပါတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်စပြီး ကလေး မြို့ပေါ်ကနေ ချင်းပြည်နယ်ကို စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပြီး ချင်းတော်လှန်တပ်တွေနဲ့ ကလေး-တီးတိန်ကားလမ်းမကြီးပေါ်မှာ ဇွန်လ ၁၇ ရက် ဒီကနေ့အထိ တစ်လနီးပါးကြာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီ တပ်တွေ အထိနာ အသေများပြီးတော့ ရှေ့ဆက်မတိုးနိုင်ဘဲ ကလေးမြို့နဲ့ ၁၅ မိုင်အကွာကိုသာ ရောက်ရှိ သေးတယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
“အဲ့ဒီဘက်မှာတော့ ထိတွေ့မှုက နေ့တိုင်းလိုလို ရှိနေပါတယ်။ စစ်ကောင်စီ က အသေအဆုံးတွေရှိပါတယ်။ စစ်ကောင်စီ က အင်အားထပ်ဖြည့်တာတွေလည်းရှိတယ်။ ကလေးမြို့နဲ့ သိုင်းငင်းနဲ့ဆိုတာ နာရီဝက်ကျော်ကျော်လောက် ဆိုင်ကယ် နဲ့ မောင်းရတာအခု အဲ့ဒီနားကိုမတိုးနိုင်သေးဘူး။ ၁၅ မိုင်လောက် တိုးနိုင်သေးတယ်။ ပြန်ဆုတ်သွားလိုက်၊ တက် လာလိုက် အဲ့လိုလုပ်နေတာ” လို့ အဆိုပါ ရဲဘော်က ပြောပါတယ်။
တလနီးပါးကြာတိုက်ပွဲအတွင်း စစ်ကောင်စီ တွေ အသေအပျောက်ရှိသလို အရှင်လက်ရ ဖမ်းဆီးရရှိသူတွေလည်း ရှိပြီး စစ်ကောင်စီ က စစ်ကူအင်အားထပ်မံပို့ဆောင်တာတွေ လုပ်ဆောင်နေသလို တီးတိန်၊ ဖလမ်း ဘယ်မြို့နယ်ကို စစ်ကြောင်း တက်ချင်တယ်ဆိုတာ အသေးစိတ်မသိရသေးဘူးလို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီ တပ်တွေက ကလေးမြို့တက္ကသိုလ်ကနေ ကလေး-တီးတိန်ကားလမ်းမကြီးကို လက်နက်ကြီး ပစ်ကူတိုက်ခိုက်ပေးနေတာတွေရှိပြီးတော့ ခိုင်ကမ်းမြို့ရဲစခန်းအနီး ကိုးမိုင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာလည်း လူအင်အားထပ်ဖြည့်တာတွေ လုပ်ဆောင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ “ကလေးတက္ကသိုလ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိတယ်။ စက်မှုဇုံရပ်ကွက်မှာလည်း တိုက်ပွဲဖြစ်တာ တွေ ရှိတယ်” လို့ ယင်း စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
ဒီလို တိုက်ပွဲဖြစ်ပွားနေတာကြောင့် ကလေး-တီးတိန် ကားလမ်းမကြီးဘေးရှိ ဟိန်ဇိန်၊ မွာလ်ပီး၊ ထေးဇံ၊ ခိုင်ကမ်း၊ သိုင်းငင်း စတဲ့ မြို့နဲ့ကျေးရွာတွေ အပါအဝင် ကလေးမြို့ တောင်ခြေရှိ လှိုင်သာယာရပ်ကွက်၊ စက်မှုဇုံရပ်ကွက် နဲ့ ကျောက်ဂူလမ်း တစ်လျောက်က ဒေသခံ ၃၀၀၀ ကျော် ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင် နေကြရပြီး နေရပ်မပြန်နိုင်သေးဘူးလို့ အကူအညီပေးနေသူတွေက ပြောပါတယ်။ “စစ်မှုဇုံရပ်ကွက်လည်းပြေးကြရတယ်။ လှိုင်သာယာရပ်ကွက်ရော၊ ခိုင်ကမ်းရပ်ကွက်ရော၊ ကလေး-တီးတိန် ကား လမ်းတစ်လျှောက်ကတော့ အကုန်ရှောင်ကြတယ်” လို့ အကူအညီပေးနေသူတချို့က ပြောပါတယ်။
ချင်းပြည်နယ်မှာတော့ ချင်း တော်လှန်ရေးတပ်တွေက ဖလမ်း၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ် ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဝေဘူလ၊ ဆူရ်ခွား စတဲ့မြို့တွေကို သိမ်းပိုက်ထိန်းချုပ် ထားပြီး ပလက်ဝမြို့နဲ့ ဆမီးမြို့တွေကိုတော့ အာရက္ခတပ်တော် (AA) က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။
လက်ရှိမှာတော့ ဟားခါး၊ ထန်တလန်၊ ခိုင်ကမ်း၊ တီးတိန် စတဲ့မြို့လေးခုမှာသာ စစ်ကောင်စီ စခန်းကျန်ရှိတော့တာ ဖြစ်ပြီး ချင်းပြည်တစ်ဝှမ်း စစ်ကောင်စီ ကင်းစင်ရေး အမြန်ဆုံးလုပ်ဆောင်သွားမယ်လို့ ချင်းပြည်တော်လှန်ရေးတပ်ဖွဲ့ တွေက ထုတ်ဖော်ပြောဆိုပါထားပါတယ်။



Hits: 0