မွတ်ဆလင် လက်နက်ကိုင်အဖွဲ့အစည်းများ စုစည်းပြီး ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများတွင် လူသစ်စုဆောင်းကာ အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း International Crisis Group – ICG က အစီရင်ခံစာထုတ် သတိပေးထားသည်။ ဘူးသီးတောင်၊ မောင်တောဒေသတွင် အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့အစည်းများက လူသစ်စုဆောင်း ပြင်ဆင်နေသည်ဟု ICG က ဇွန်လ ၁၈ ရက်တွင် ထုတ်ပြန်သော “ဘင်္ဂလားဒေ့ရှ်-မြန်မာ-မွတ်ဆလင်သောင်းကျန်းမှုအန္တရာယ်” အစီရင်ခံစာတွင် ဖော်ပြထားသည်။

မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များ အချင်းချင်းကြားတွင် ပစ်ခတ်တိုက်ခိုက်မှုကို ရပ်တန့်ပြီး ကော့ဘဇားရှိ ဒုက္ခသည်စခန်းများတွင် လူသစ်စုဆောင်းမှု ပိုမိုလှုပ်ရှားလာကာ AA ကို တိုက်ခိုက်သွားမည်ဟု ကြွေးကြော်ထားကြောင်း ICG က ဆိုသည်။အာရက္ခတပ်တော် AA က ဘူးသီးတောင်၊ မောင်တော ဒေသအပါအဝင် ရခိုင်ပြည် မြို့များစုတွင် စစ်ကောင်စီအား နှင်ထုတ်ပြီးနောက် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များက လှုပ်ရှားမှု ပိုလုပ်လာကြောင်းလည်း ICG အစီရင်ခံစာက ဖော်ပြသည်။

မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များမှာ ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ်စပ်တစ်လျှောက် အာရက္ခတပ်တော် AA အား ကြိုကြားတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်းနှင့် ယင်းထက် ပိုမြင့်သော တိုက်ပွဲကြီးတစ်ခုကို ဖန်တီးရန် သေချာပြင်ဆင်နေကြောင်းလည်း ICG က သတိပေးထားသည်။

နယ်စပ်ထိန်းချုပ်ထားသော အာရက္ခတပ်တော် AA အား နှောက်ယှက်ရန်နှင့် နယ်စပ်ကုန်သွယ်ရေး အခြေအနေများနှင့် AA-ဘင်္ဂလားဒေ့ရှ်စစ်တပ် ဆက်ဆံရေးကိုလည်း ဖျက်ဆီးရန် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များက လုပ်ဆောင်လာနိုင်ကြောင်း ICG အစီရင်ခံစာက ဖော်ပြသည်။ ထိုကြောင့် ဘင်္ဂလားဒေ့ရှ် ကော့ဘဇားခရိုင်အတွင်း ဒုက္ခသည်စခန်းများတွင် လှုပ်ရှားနေသော မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များကို ဘင်္ဂလားဒေ့ရှ်အနေဖြင့် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းသင့်ကြောင်းလည်း ICG က တိုက်တွန်းထားသည်။

မွတ်ဆလင် လက်နက်ကိုင်များ၏ တိုက်ခိုက်မှုများ၊ အကြမ်းဖက် လုပ်ရပ်များသည် ဘင်္ဂလားဒေ့ရှ်၏ ဒုက္ခသည်မွတ်ဆလင်များအား ပြန်လည်ပို့ဆောင်ရေးအတွက် ပိုမိုခက်ခဲနိုင်ပြီး စစ်ကောင်စီနှင့်ပါ ဆက်ဆံရေး ခက်ခဲသွားနိုင်သည်ဟု ICG အစီရင်ခံစာက ဖော်ပြသည်။ မွတ်ဆလင် လက်နက်ကိုင်များ၏ တိုက်ပွဲဖော်ဆောင်ခြင်းသည် “ရိုဟင်ဂျာ” ဟု ခံယူထားသော ၎င်းတို့၏ အခွင့်အရေးမှာ ဆုံးရနိုင်ခြေရှိသည်ဟုလည်း ICG က သတိပေးထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed