စစ်ကိုင်းတိုင်း၊ မုံရွာနှင့်ချောင်းဦးအစပ် ဘုံတိုကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာတွင် လူ ၂၂ ဦးသေဆုံးပြီး PDF ၄ ဦးနှင့် သပိတ်ဦးဆောင်သူ ၄ ဦး ပါဝင်သွားကြောင်း ချောင်းဦးဆရာတော်နှင့် တော်လှန်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။ အောက်တိုဘာလ ၆ ရက်နေ့ ည ၇ နာရီအချိန် စစ်တပ်က ညောင်ပင်သာအုပ်စု ဘုံတိုကျေးရွာရှိ ဆီမီးထွန်းပွဲကို စက်တပ်လေထီးဖြင့် ဗုံး ၂ လုံးကျဲချခဲ့ရာ လူ ၂၂ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူများတွင် PDF ၆ ဦးနှင့် မြေပြင် သပိတ်ဦးဆောင်သူ ၄ ဦး ပါဝင်သွားကြောင်း သိရှိရသည်။

အခုနောက်ဆုံးစာရင်းက ချောင်းဦးနယ်ထဲက ပြည်သူ ၁၁ ဦး ကျပါတယ်။ မုံရွာနယ်က ၁၁ ဦး စုစုပေါင်း ၂၂ ဦး ကျဆုံးတယ်။ ချောင်းဦး PDF က ၄ ဦးကျတယ်။ မုံရွာအမြင့်လမ်းကသပိတ်ဦးဆောင်သူ ၂ ဦးကျတယ်။ CDM ကျောင်း ဆရာ ၁ ဦးလည်း ကျဆုံးပါတယ်။ တစ်မိသားစုတည်းမှာ ၄ ဦးကျသွားတာလည်း ပါသလို ၂ နှစ် သမီးလေးရယ်၊ ၁၈နှစ်အောက်ကျောင်းသားလေးတွေလည်းပါသွားတယ်” ဟု ချောင်းဦးဆရာတော်က မိန့်ကြားသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျဆုံးသူသော သပိတ်ဦးဆောင်သူများတွင် ရဲဘော် ချမ်းငြိမ်းအောင်၊ ရဲဘော် ညီညီဇော်၊ ရဲဘော်ကံမြင့်လွင်နှင့် ကျောင်းဆရာ ဇော်လင်းနိုင်တို့ ပါဝင်သွားကြောင်း ၊ ရဲဘော် ချမ်းငြိမ်းအောင်နှင့် ရဲဘော် ညီညီဇော်တို့မှာ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ၊ လူထုတိုက်ပွဲမြှင့်တင်ရေးကော်မတီဝင်များဖြစ်ကြောင်း သိရှိရသည်။

ရဲဘော် ချမ်းငြိမ်းအောင်နှင့် ရဲဘော် ညီညီဇော်တို့မှာ နွေဦးတော်လှန်ရေးအတွင်း မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီ ၊ စစ်ကိုင်းတိုင်း ဒေသ သပိတ်အင်အားစုမှဖြစ်ပြီး ပြည်သူလူထုအကျိုးအတွက် အကြမ်းမဖက် လူထုလှုပ်ရှားမှုများကို အစဉ်တစိုက် လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် ရဲဘော်များဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ထုတ်ပြန်ထားကြောင်း သိရှိရသည်။ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရသူများကို ယမန်နေ့ သဂြိုလ်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed