၃ ပတ်ကြာ အစိုးရဆန့်ကျင်ရေးသပိတ်အဖြစ် မာဒါဂက်စကာနိုင်ငံတွင် Gen Z များဦးဆောင်သော လူထုအုံကြွမှုဖြစ်ပွားနေခဲ့ရာ နောက်ဆုံး စစ်အာဏာသိမ်းရန်ကြိုးစားသည့် သမ္မတအမိန့်အား စစ်တပ်က ဖီဆန်ခဲ့ပြီးနောက် သမ္မတ အန်ဒရေးရာဂျိုဝယ်လီနာ အသက်လု ထွက်ပြေးသွားခဲ့ရပြီဖြစ်သည်။ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ကျွန်းနိုင်ငံ မာဒါဂက်စကာတွင် အစိုးရအဆောက်အအုံများ၊ အစိုးရ အကြီးအကဲများနေအိမ်များ ရေမီးပြည့်စုံသော်လည်း ပြည်သူများအား မကြာခဏဆိုသလိုပင် ရေဖြတ်၊ မီးဖြတ်မှုများရှိနေခြင်းအပါအဝင် အထွေထွေမကျေနပ်မှုများကြောင့် Gen Z များက သမ္မတ နှုတ်ထွက် ရန် ၃ ပတ်ကြာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
သမ္မတ ရာဂျိုဝယ်လီနာသည် ရာထူးမှ နှုတ်မထွက်သည့်အပြင် စစ်တပ်ကိုပါ အမိန့်ပေးပြီး အာဏာသိမ်းခိုင်းရာ၌ Capsat ဟု ခေါ်ဆိုသော နိုင်ငံစစ်တပ်က အမိန့်မနာခံဘဲ တော်လှန်လူငယ် Gen Z များဖြင့်ပင် ပူးပေါင်းလိုက်သည့်အတွက် အစိုးရပိုင် ရုပ်သံလွှင့်ဌာနအား မသိမ်းရသေးခင် ရာဂျိုဝယ်လီနာက မိမိအသက်လုနိုင်ရေး ရှောင်ပြေးခဲ့ပြီဟု အောက်တိုဘာ ၁၃ ရက်ညပိုင်းက ကြေညာ ပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။
သမ္မတ ရာဂျိုဝယ်လီနာ မည်သည့်နေရာသို့ အသက်လုပြေးသွားသည်ကို မသိရသေးသော်လည်း သတင်းများအရ ပြင်သစ်သမ္မတ မက်ခရွန်ထံ အကူအညီတောင်းခံရာမှ ပြင်သစ် လေယာဉ်က ခေါ်ထုတ်သွားခြင်းဖြစ်သည်ဟု သိရှိရသည်။ လက်ရှိတွင် Capsat တပ်အား ဦးဆောင်သူ ခေါင်းဆောင်သစ်တင်မြှောက်လိုက်ပြီး ကာကွယ်ရေးဝန် ကြီးကလည်း Gen Z များအကြိုက် စစ်ခေါင်းဆောင်တင်မြှောက်မှုကို လက်ခံခဲ့ကာ ရွေးကောက်ပွဲဖြင့် ပြည်သူရွေးချယ်သည့် သမ္မတသစ်၊ အစိုးရအသစ်ရွေးချယ်သွားမည်ဟု ကတိပြုခဲ့သည်။
ကမ္ဘာတစ်ဝန်းတွင် ယခုနှစ်ပိုင်းအတွင်း Gen Z များကြောင့် အစိုးရပြုတ်ကျရသည့် နိုင်ငံများစွာ ရှိလာခဲ့ ကာ မော်ရိုကို၊ ပီရူး၊ အင်ဒိုနီးရှား၊ ကင်ညာ၊ ဖိလစ်ပိုင်တို့တွင်လည်း Gen Z များ အောင်ပွဲခံနိုင်ခဲ့သည်။ အနီးဆုံးအားဖြင့် နီပေါတွင်လည်း Gen Z များကြောင့် အစိုးရ ပြုတ်ကျသွားခဲ့ရပြီဖြစ်သည်။ လူမှုကွန်ရက်များပေါ်တွင် ကမ္ဘာတစ်ဝန်းမှ Gen Z များ၏ အစိုးရ ဆန့်ကျင်ဖြုတ်ချနိုင်မှုများသည် လျှင်မြန်စွာ ကူးစက်ကာ ယခုလို အာဏာရှင်နှင့် အစိုးရများကို ဖြုတ်ချနိုင်လာခြင်းဖြစ်သည်ဟု နိုင်ငံရေး သုတေသီများက သုံးသပ်နေကြသည်။




Hits: 0
