ပဲခူးတိုင်းအနောက်ခြမ်း လက်ပံတန်းမြို့နယ်တွင်းရှိ သရက်ချောင်းကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သားများကို အောက်တိုဘာ ၁၅ရက် နံနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁၅ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၂ဦးကို ဖမ်းဆီးရမိထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ ထိုစစ်ကြောင်းတွင် ပြည်သူ့စစ်များနှင့် ရဲများလည်းပါဝင်ပြီး တိုက်ပွဲကြာချိန်သည် တစ်နာရီခွဲကျော်ကြာမြင့်ခဲ့ကြောင်း အမှတ်(၂) စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ရဲဘော် တင်ဦးက ပြောသည်။
တိုက်ပွဲအတွင်း လက်နက်အစုံ ၁၉လက်နှင့်ခဲယမ်းများ၊ စစ်သုံးပစ္စည်းများကိုလည်း သိမ်းဆည်းနိုင်ခဲ့ပြီး၊ ဖမ်းဆီးရမိသူ ၁၂ဦးမှာ လူငယ်များဖြစ်ကြပြီး အများစုမှ စစ်မှုထမ်းအဖြစ် စုဆောင်းခံရသူများ ဖြစ်သည်ဟု ရဲဘော်တင်ဦးက ဆိုသည်။ ထိုတိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော်များ အထိခိုက်မရှိဟုလည်း သူက ပြောသည်။
ထိုကြားဖြတ်တိုက်ခိုက်မှုကို အမှတ်(၃၈၀၂)တပ်ရင်း၊ အမှတ် (၃၈၀၃) တပ်ရင်း၊ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်း၍ NUG ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်း စစ်ဌာနချုပ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁ရက်နေ့ကလည်း လက်ပံတန်းမြို့နယ် ၊မှော်အင်း အုပ်စု ၊ ကမ်းပြိုကြီး ကျေးရွာအနီး အင်အားနှစ်ဆယ်ကျော်ပါသည့် စစ်သားနှင့်ရဲများကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိသည်ဟုလည်း သိရသည်။
ပဲခူးအနောက်ခြမ်း သာယာဝတီခရိုင် အုတ်ဖိုနှင့် ကြို့ပင်ကောက် မြို့နယ်များတွင်လည်း စက်တင်ဘာ နောက်ဆုံးအပတ်မှစတင် လက်နက်ကြီးနှင့် ဒရုန်းတပ်ဖွဲ့ဝင်များ ပါဝင်သော စစ်ကော်မရှင်စစ်ကြောင်း နှစ်ကြောင်း စစ်ကြောင်းထိုးနေသည်ဟု သိရသည်။

Hits: 0
