စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် နဲ့ ချင်းပြည်နယ် တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာအနီးမှာ စစ်အုပ်စုတပ်တွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဒေသခံ စစ်‌ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်အုပ်စုတပ်တွေက ကလေးမြို့နယ် အဓိက ဝင်ပေါက် ကားလမ်းမကြီးတွေ ဖြစ်တဲ့ ကလေး -တမူး လမ်း ၊ ကလေး – ဂန့်ဂေါလမ်း ၊ ကလေး – တီးတိန်- ဟားခါးလမ်းမတွေကို စိုးမိုးနိုင်ဖို့ ပြီးခဲ့တဲ့ သြဂုတ်လကနေအောက်တိုဘာလ ၃၁ ရက်အထိ အင်အား ထောင်ချီနဲ့ စစ်ကြောင်းထိုး ဝင်ရောက်နေတာ ဖြစ်ပါတယ်။

ဒီလို စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်အုပ်စုတပ်တွေနဲ့ အောက်တိုဘာ ၂၉ ရက်ကနေ ၃၁ ရက်အထိ သုံးရက်အတွင်း ကလေးမြို့နယ်တောင်ပိုင်း၊ ကလေး – ဂန့် ဂေါ ကားလမ်းမကြီး တလျှောက်မှာရှိတဲ့ ထောက်ကြန့်၊ ကြာအင်း၊ နတ်မြောင်း၊ နတ်ချောင်းကျေးရွာတွေနဲ့ တီးတိန်မြို့နယ် (ကလေး-တီးတိန် – ဟားခါး ) လမ်းမကြီးဘေးမှာရှိတဲ့ မွာလ်းပီးကျေးရွာအနီးမှာ သုံးရက်တာ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“တိုက်ပွဲက ချင်း -ကလေး ကားလမ်းဘေးတလျှောက်မှာ ဖြစ်နေတဲ့ အခြေအနေပါ ၊ တိုက်ပွဲက တော့ ပြင်းထန်နေပါတယ်၊စစ်တပ်ဘက်ကလဲ သေတာက (၆ ) ယောက် လောက်ရှိတယ် ၊ တောင်ပိုင်းတိုက်ပွဲမှာ ကလေးက ရဲဘော် နှစ်ယောက်ကျတယ်” အဲ့ဒီ သုံးရက်တာ တိုက်ပွဲအတွင်းမှာ စစ်အုပ်စုတပ်သား ခြောက်ဦး သေဆုံးခဲ့ပြီးတော့ ကလေးဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့တယ် “လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကြောင်းထိုး ဝင်ရောက်လာချိန်မှာလည်း စစ်အုပ်စုက ကလေးမြို့နယ်တောင်ပိုင်း (ကလေး -ဂန့် ဂေါ ကားလမ်းမကြီး )ဘေးမှာတည်ရှိတဲ့ ထောက်ကြန့် ၊ကြာအင်း ၊နတ်မြောင်း ၊ နတ်ချောင်းကျေး၊ ချောင်းခွ ၊ကျွန်းတော ကျေးရွာအတွင်းက နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ကားလမ်းဘေးက စစ်ရှောင်တဲတွေကိုလည်း မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ထောက်ကြန့်ကျေးရွာမှာ စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးက ပြောပါတယ်။

“ထောက်ကြန့် ကရွာကတော့ မီးရှို့ ဖျက်စီးခံရတယ်၊နတ်မြောင်းပါတယ်၊နတ်ချောင်းပါတယ်။ချောင်းခွပါတယ်။နေအိမ် အပျက်အစီးက တော့ ဘယ်လောက် ပျက်စီးတယ် ၊မသိရသေးဘူး ၊ဘယ်သူ ရွာထဲ မဝင်ရဲဘူး” မီးရှို့ခံရတဲ့ ကျေးရွာတွေဟာ စစ်အုပ်စုတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အတွင်းမှာ စစ်ကြောင်းထိုးဝင်ရောက်စဉ် ခုနစ်ကြိမ် မီးရှို့ခံထားရတာကြောင့် နေအိမ် အများစုဟာ စစ်ဘေးရှောင်တွေ ပြန်လည် ဆောက်လုပ်ထားတာလို့ နတ်ချောင်းကျေးရွာ ဒေသခံ တစ်ဦးကပြောပါတယ်။

“နတ်မြောင်း၊ နတ်ချောင်းကတော့ အရင်ကလဲ ရွာလုံးကျွတ် နီးပါး မီးရှို့ ခံရတဲ့ ရွာ ပေါ့နော်၊အခု ပြန်ရှို့တာက တော့ စစ်ရှောင်တွေ ဆောက်တဲ့ နေအိမ်တွေ အများစု ပေါ့ ” ဒီလို စစ်အုပ်စု စစ်ကြောင်းထိုးဝင်ရောက်နေတာ ကြောင့် ကလေး တောင်ပိုင်းမှာရှိတဲ့ ထိုမာ ၊ သာယာကုန်း ၊ ကြာအင်း ၊ ကျွန်းတော ၊စီးစံ ၊ သုံးအိမ်စု ၊ လေးအိမ်စု ၊ နန်းချောင်း ၊ နတ်မြောင်း ၊ချောင်းခွ ၊ ဟားခါးလေး ၊ သံဖို ကျေး ရွာ ၊ ချင်းပြည်နယ် (ကလေး – တီးတိန်-ဟားခါး ) လမ်းမကြီးဘေးမှာ တည်ရှိတဲ့ သိုင်းငင်း ၊မွာလ်ပီး ၊ထေးဇံ ၊ခိုင်ကမ်း မြို့တွေ တောတောင် အတွင်းထွက်ပြေးတိမ်းရှောင်နေကြရတယ် ” လို့ နတ်ချောင်းကျေးရွာ စစ်ရှောင် အကူအညီ ပေးသူ တစ်ဦးက ပြောပါတယ်။

”အခုက တော့ စစ်ရှောင်တွေက အများကြီးဗျ‌ ကားလမ်းဘေးက ရွာတွေ အားလုံးရှောင်နေကြရတာပါ ၊အခုက စစ်တပ်က သံဖိုရွာ ရောက်လာပြီလို့ သိရတယ်။အကုန်ပြေးကြရတယ်” ကလေးမြို့ နယ်အတွင်းမှာတော့သြဂုတ်၊အောက်တိုဘာ ၊ အောက်တိုဘာလ အတွင်းမှာ ကလေးမြို့ ၊ မြောက်ပိုင်းကို ထိုးတဲ့ စစ်အုပ်စု စစ်ကြောင်းကြောင့် ကလေး-တမူး လမ်းမကြီးတလျှောက်မှာ ရှိတဲ့ တမူးမြို့နယ်က ခမ်းပတ်၊ဘုတ်ကန် ၊ကနန် ၊ကျွန်းတော ရှေရှင် ၊ဖက်ယား ရေရှင် ၊စော်ဘွား ၊ဝိတုတ်၊ရန်လင်းဖိုင် ၊ရန်မျိူးအောင် ၊နန်းမွန်းတား ကျေးရွာတွေနဲ့ ကလေးမြို့နယ်က ရာဇဂြိုလ် ၊မြစိမ်း ၊မြလင်း ၊လက်ပံချောင်း ၊ပြည်တော်သာ ၊ပျဉ်းခုံကြီး ၊ပျဉ်းတောဦး ၊မောက်လင်း ၊လက်ပံချောင်း ၊နန်းစောင်းပု ၊ကံကြီး ၊ကံသာယာ ၊ ၅၆ မိုင် ၊ရန်မျိုးအောင်စတဲ့ ကျေးရွာပေါင်းငါးဆယ်ကျော်က ဒေသခံ သုံးသောင်းကျော် တောတောင်အတွင်း စစ်ရှောင်နေကြရပြီးတော့ နှစ်လ ကျော်အကြာ နေရပ်မပြန်နိုင်သေးဘူး ” လို့ ရန်မျိုးအောင်ကျေးရွာက စစ်ဘေးရှောင် အကူအညီ ပေးသူတစ်ဦးက ပြောပါတယ်။

“အခုထိ မပြန်ရသေးဘူးဗျ၊ စစ်တပ်က ရာဇဂြိုဟ်မှာ တပ်စွဲထားတယ်။စော်ဘွားမှာလဲ တပ်စွဲ ထားထားတယ်လို့ ကြားတယ်။ တောထဲ နေကြရတာ “ ဒီလို စစ်ကြောင်းထိုးစဉ် နှစ်လ ကျော် အတွင်း စစ်အုပ်စုတပ်တွေက အောက် တိုဘာ ၂၇ ရက်နေ့မှာ တမူးမြို့နယ်က ဝက်သားရောင်းတဲ့ ဦးကြည်လင်းနဲ့ ဦးမန်မန်းတို့ နှစ်ဦးကို အရှင်လတ်လက် ဝမ်းဗိုက်ခွဲ သတ်ဖြတ်ခံခဲ့ရသလို အောက်တိုဘာ ၂၄ ရက်နေ့မှာလဲ ကလေးမြို့နယ်မြောက်ပိုင်းက အောင်ရွာကျေးရွာမှာ နေအိမ်ကို ရိက္ခာ ပြန်သယ်တဲ့ အသက်၄၀ အရွယ် ဦးကပ်ရှန်းမုန် (Pa Kap Sian Mung )တို့ သုံးဦး စစ်အုပ်စုလက်ချက်နဲ့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ အောက်တိုဘာ ၁၉ ရက်နေ့မှာ ခုံသာ ကျေးရွာက အမျိုးသား ရှစ်ဦး၊ အောက်တိုဘာ ၂၀ ရက်‌နေ့မှာ ရာဇဂြိုဟ် ကျေးရွာက အမျိုးသား ၁၀ ဦးနဲ့ CDF-KKG တပ်ဖွဲ့ဝင် တစ်ဦးတို့ စစ်အုပ်စု စစ်ကြောင်းနဲ့ တိုးကာ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပြီးတော့ စုစုပေါင်း (၂၁)ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကလေးမြို့နယ်အတွင်းမှာတော့ စစ်အုပ်စုနဲ့ တပ်နဲ့ တော်လှန်ရေးအင်အားစုတွေ သြဂုတ်၊ အောက်တိုဘာ ၊အောက်တိုဘာ နှစ်လ ကျော် ကလေး – တမူးလမ်း ၊ ကလေး -ဂန့် ဂေါလမ်း ၊ကလေး – တီးတိန် ချင်းပြည်နယ် အတွင်းမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ ပြီးတော့ စစ်အုပ်စု လေးဆယ်ကျော် သေဆုံးခဲ့ ပြီးတော့ တော်လှန်ရေးရဲ ဘော် (၂၀) ကျော် ကျဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်