ချင်းပြည် တီးတိန်မြို့နယ်မှာ စစ်အုပ်စု စစ်ကြောင်းထိုးဝင်ရောက်ချိန် လမ်းပြဓားစာခံအဖြစ် ဖမ်းဆီးခံရတဲ့ ဒေသခံ ၁၆ ဦးကို တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာ ၆ ရက်မှာ ကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဖမ်းဆီးခံခားရသူတွေဟာ တီးတိန်မြို့နယ် ဆွောင်းပီးကျေးရွာမှာ နေထိုင်သူတွေဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ တီးတိန်-သိုင်းငင်း – ကလေးလမ်းမကြီးအတိုင်း စစ်အုပ်စုစစ်ကြောင်းထိုးဝင်ရောက်လာချိန်မှာ စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

ချင်းတော်လှန်ရေးအင်အားစုဖြစ်တဲ့ PDF -Zoland တပ်ဖွဲ့ဝင်တွေက တီးတိန်-သိုင်းငင်း – ကလေး လမ်းမကြီးအတိုင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်ပြီး လမ်းပြအဖြစ် ဖမ်းဆီးခံထားရသူတွေကို ကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ ချင်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ “တိုက်ပွဲဖြစ်ပြီး ကယ်ထုတ်ပေးနိုင်ခဲ့တာပါ။ အဲ့ဒီနေ့မှာက မိုင်းဆွဲလို့ သေတာက (စစ်အုပ်စု) ငါးယောက်ရှိတယ်။ ဒဏ်ရာရတာက ၁၀ယောက်ရှိတယ်” လမ်းပြအဖြစ် ဖမ်းဆီးခံထားရသူတွေကို ကယ်ထုတ်ပေးချိန်မှာ စစ်အုပ်စုတပ်တွေနဲ့ တော်လှန်ရေးအင်အားစု‌တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးတော့ စစ်စစ်ကောင်စီတပ် ဘက်က ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ စစ်အုပ်စုတပ်တွေက တီးတိန်မြို့ကနေ အင်အား ၂၀၀ခန့်ပါတဲ့ စစ်ကြောင်းတစ်ကြောင်း၊ ကလေးမြို့ကနေ အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း စစ်ကြောင်းနှစ်ကြောင်းနဲ့ ဝင်ရောက်နေပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ကလေး-တီးတိန် ကားလမ်းကြီး တလျှောက်မှာတိုက်ပွဲ ပြင်းထန်နေတယ်လို့ PDF Zoland သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါ့အပြင် ကလေးကနေ တီးတိန်ကိုဝင်ရောက်လာတဲ့ စစ်ကြောင်းဟာ စစ်ကိုင်းတိုင်း၊ ကလေးနယ်က ကနေဒီတောင်ကိုကျော်ပြီး အာလွယ်ရွာနားကို ရောက်ရှိနေပြီး သိုင်းငင်းဘက်ကို ဦးတည်နေတယ်လို့ ဆိုပါတယ်။ အဲဒီ ကနေဒီတောင်က စစ်အုပ်စုအထိုင်စခန်းကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက PDF-Zoland တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုစစ်ကြောင်းနဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် လက်လွှတ်ပေးခဲ့ရတာ ဖြစ်ပါတယ်။

ချင်းပြည်နယ်မှာတော့ ချင်း တော်လှန်ရေးတပ်တွေက ဖလမ်းမြို့အပါအဝင်မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဝေဘူလ၊ ဆူရ်ခွား မြို့တွေကို သိမ်းပိုက် ထိန်းချုပ်ထားပြီး ပလက်၀မြို့နဲ့ ဆမီးမြို့တွေကိုတော့ အာရက္ခတပ်တော် (AA) က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။ လက်ရှိအချိန်မှာတော့ ဟားခါး၊ ထန်တလန်၊ ခိုင်ကမ်း၊ တီးတိန်မြို့ လေးခုမှာသာ စစ်အုပ်စု စခန်းကျန်ရှိတော့ တာဖြစ်ပြီးတော့ ချင်းပြည်တစ်ဝှမ်း စစ်အုပ်စု ကင်းစင်ရေး အမြန်ဆုံးလုပ်ဆောင်သွားမယ်လို့ ချင်းပြည်တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ဖော် ပြောဆိုထားပါတယ်။

Screenshot
Screenshot

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed