ချင်းညီနောင် (CB) အဖွဲ့ရဲ့ စစ်ရေးမဟာမိတ်ဖြစ်တဲ့ အာရက္ခတပ်တော် (ULA/AA) ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ချင်းညီနောင်အဖွဲ့အကြား စစ်ကောင်စီတပ်ရဲ့တန်ပြန်ထိုးစစ်တွေကို ဘယ်လိုပူးပေါင်းခုခံပြီး ဘယ်လိုအပြန်အလှန် ကူညီကြမလဲဆိုတာတွေကို ပြီးခဲ့တဲ့လက ချင်းညီ နောင်အဖွဲ့ရဲ့ရခိုင်ပြည်ခရီးစဉ်မှာ ဆွေးနွေးခဲ့ကြတယ်လို့ ချင်းလက်နက်ကိုင် ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောပါတယ်။
အာရက္ခတပ်တော် ULA / AA ရဲ့ ခေါင်းဆောင် အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေ နဲ့ ချင်းညီနောင်အကြား တွေ့ဆုံဆွေးနွေးတာနဲ့ ပတ်သက်ပြီး နိုဝင်ဘာလ ၈ ရက်နေ့က ပြုလုပ်တဲ့ ချင်းညီနောင်အဖွဲ့ဝင် PDF – Zoland အရေးပေါ်ရန်ပုံငွေရှာဖွေပွဲမှာ ချင်းညီနောင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကအခုလို ပြောခဲ့တာဖြစ်ပါတယ်။
“ကျနော်တို့တွေ့ဆုံခဲ့တာက ပြီးခဲ့တဲ့လကပါ တွေ့ကြတယ် ဆုံကြတယ် ဆွေးနွေးကြတယ် အဓိကတော့ တော်လှန်ရေးနဲ့ ပတ်သက်လို့ပါ စစ်ရေးမှာ ဘယ်လိုရှိမလဲ ဘယ်လိုပူးပေါင်းကြမလဲ ဘယ်လိုအပြန်အလှန်ကူညီကြမလဲ အဓိကတော့ စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်လာနိုင်တာကို နဲနဲခန့်မှန်းကြတာပေါ့ ပြင်ဆင်ထားကြတာပေါ့ အဲအတွက် ပူးပေါင်းကြတာပေါ့ အဲလိုမျိုးပါတယ်” လို့ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကပြောပါတယ်။
ချင်းညီနောင်အဖွဲ့ ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ်အတွင်း သွားရောက်ခဲ့ပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်အပါအဝင် ၊ ULA ရဲ့ ထိပ်ပိုင်းခေါင်းဆောင် စုံစုံလင်လင်နှင့် တွေ့ဆုံခဲ့ပြီး စစ်ရေးမဟာမိတ်အပြင် နောက်နောင်မှာ နိုင်ငံရေးမဟာမိတ် ၊ စီးပွားရေးမဟာမိတ် အထိ ပူးပေါင်းချိတ်ဆက်ဖို့ အပြန်အလှန် ကူညီဖေးမကြဖို့ကို ဆွေးနွေးခဲ့ကြတယ်လို့လည်း ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောပါတယ်။
ချင်းတော်လှန်ရေးလက်နက်ကိုင် (၆)ဖွဲ့နှင့် ဖွဲ့စည်းထားတဲ့ ချင်းညီနောင်အဖွဲ့မှာ CDF – Mindat ၊ ချင်းအမျိုးသားအဖွဲ့ချုပ် ( CNO/ CNDF ) ၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး – ZFU / PDF – Zoland ၊ MRO / CDF – Matupi ၊ CDF – Kanpetlet နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ ( MTC/MDF) တို့နဲ့ ပူးပေါင်းဖွဲ့စည်းထားပါတယ်။

Hits: 0
