မကွေးတိုင်း၊ မြိုင်မြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ကျေးရွာများကို ဆက်တိုက်မီးရှို့နေ၍ သောင်းနှင့်ချီသောပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အောက်တိုဘာလ ၂၀ ရက်နေ့မှ စတင်ပြီး ပခုက္ကူတပ်မ ၁၀၁ မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၅ ရက်နေ့၌ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးရွာကို စတင်ဝင်ရောက်လာခဲ့ကြောင်း၊ ထိုမှတဆင့် နှမ်းဆီကန်ရွာကို စစ်ကြောင်းထိုးပြီး နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူ ၂ ဦးကို ဖမ်းဆီးပြီး နိုဝင်ဘာလ ၈ ရက်နေ့တွင် ဇော်ဂျီတောင်မှတဆင့် သရက်ကန်ပျူစောထီးရွာသို့ ရောက်ရှိလာကြောင်း သိရသည်။
သရက်ကန်ပျူစောထီးရွာမှ တဆင့် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စစ်တပ် စစ်ကြောင်းသည် စိုကန်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူနေအိမ်အတွင်းရှိ ပစ္စည်းများနှင့် မြေပဲခင်းများကိုပါ ရိတ်သိမ်းခိုးယူသွားကြောင်း၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စစ်တပ် စစ်ကြောင်းသည် မြိုင်မြို့နယ် စက်မှု ၂ သို့ ရောက်ရှိလာကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့တွင် စစ်တပ် စစ်ကြောင်းသည် မြိုင်မြို့နယ် စက်မှု ၂ မှ ထွက်ခွာလာရာ လမ်းပိုင်းတစ်လျှောက်တွင် လမ်းသွားလမ်းလာ ပြည်သူ ၅ ဦးကို ဖမ်းဆီးကာ ဝက်ပုတ်ရွာကို စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းပြီး စက်တပ် လေထီး ၂ စီးဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ကာ နေအိမ် ၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ထိုသို့ ဖမ်းဆီးလာသော ပြည်သူ ၅ ဦးထဲမှ အသက် ၄၀ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၅၂ နှစ် အရွယ် အမျိုးသား ၁ ဦးကို ဝက်ပုတ်ကျေးရွာ အရှေ့ဘုန်းတော်ကြီးကျောင်းအနီးတွင် နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
” စစ်တပ် စစ်ကြောင်းက နိုဝင်ဘာလ ၆ ရက်နေ့မှာ တွင်းမပျူရွာ အဲကနေ နှမ်းဆီကန်ရွာက နေအိမ် ၂၀ ကို မီးရှို့ဖျက်ဆီးပြီး ၈ ရက်နေ့မှာ သရက်ကန်ပျူရွာကိုရောက်တယ်။ ၁၁ရက်နေ့မှာ သရက်ကန် ကနေ အခု စက်မှု ၂ ကိုလာတာ အလာလမ်းမှာ ပြည်သူငါးဦးကို ဖမ်းပြီး မနေ့က ဝက်ပုတ်ပြည်သူ့ရွာမှာ ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၂ လုံးကို မီးရှို့သွားတယ်” ဟု အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် ကျေး ၁၀ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
Hits: 0
