စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း ပထမအကြိမ် လူထုတိုက်ပွဲ ညီလာခံကို အောက်တိုဘာလအတွင်းက ပြုလုပ်ခဲ့ပြီး ညီလာခံတက်ရောက်လာကြသူများက အကြမ်းဖက်စစ်ကော်မရှင် ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို အကြွင်းမဲ့ ဆန့်ကျင်တိုက်ဖျက်သွားရန် သဘောထား ညီညွတ်စွာ ချမှတ်ခဲ့ကြောင်း ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပထမအကြိမ် လူထုတိုက်ပွဲ ညီလာခံတွင် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံးနှင့် အတူ အကြွင်းမဲ့ ဆန့်ကျင် တိုက်ဖျက်သွားရန် အပါအဝင် ကလေးမြို့ အခြေပြု တော်လှန်ရေးအဖွဲ့အစည်းများအနေနှင့် ပြည်သူတိုင်း ယုံကြည်အားကိုးချင်သော ပြည်သူ့သားကောင်း ပီသစွာ ပြုမူနေထိုင်နိုင်ရန် သက်ဆိုင်ရာ တာဝန်ယူထားသူများက ကြီးကြပ်ပေးကြရန် တိုက်တွန်းခဲ့ကြသည်။
အဆိုပါ ညီလာခံသို့ ကလေးမြို့ လွတ်မြောက်နယ်မြေများတွင် ကလေးဒေသအတွင်းရှိ ရပ်ရွာ အသီးသီးမှ ဒေသခံ ကိုယ်စား လှယ် စုစုပေါင်း ၁၂၀ ဦး တက်ရောက်ခဲ့ကြသည်။ စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အကြမ်းဖက်စစ်အုပ်စုက ပြည်သူများအပေါ် ခေတ်အဆက်ဆက် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို ဖုံးကွယ်၍ နိုင်ငံတကာ၏ တရာဝင်မှု ရရှိရေးအတွက် အတုအယောင် ရွေးကောက်ပွဲကို ကျင်းပနိုင်ရန် ကြိုးပမ်းမှုသည် နိုင်ငံရေးထောင်ချောက်သာ ဖြစ်ကြောင်းလည်း ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။
ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီအနေနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပ တော်လှန်ရေး အင်အားစုများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ လူသားချင်း စာနာထောက်ထားမှု ကူညီပေးနိုင်သော အဖွဲ့အစည်းများ၊ စေတနာရှင်များ၊ ပရဟိတအဖွဲ့များဖြင့် အကောင်းမွန်ဆုံး ချိတ်ဆက်၍ လက်တွေ့ကျကျ ပူးပေါင်းနိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

Hits: 0
