ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ်(၃)မှ ဒု−တပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးခဲ့ကြောင်း အဆိုပါတပ်ဖွဲ့မှ သိရသည်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ်(၃)မှ တပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော်ဖြင့် ဧပြီလတွင် စတင်ပါဝင်တိုက်ခိုက်ခဲ့သည်။ အောက်တိုဘာလကုန်ပိုင်းအထိ ခြောက်လကျော် တိုက်ပွဲကာလအတွင်း အဆိုပါတပ်ရင်း၏ ဒု−တပ်ရင်းမှူး၊ တပ်စိတ်မှူး၊ တပ်စုမှူးအပါအဝင် ရဲဘော်များ သေဆုံးခဲ့ခြင်းဖြစ်သည်။
ဒုတပ်ရင်းမှူးနှင့် ရဲဘော်တစ်ဦးသည် အောက်တိုဘာလဆန်းပိုင်းတွင် ဗန်းမော်မြို့ထဲသို့ တပ်ဖွဲ့ဝင်များကို စစ်ဆေးရန်သွားချိန် စစ်ကော်မရှင်တပ်နှင့် ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုတွင် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ တပ်မှသိရသည်။ အသက် ၃၆ နှစ်အရွယ် ဒုတပ်ရင်းမှူးသည် အားကစားနှင့် ကာယပညာဦးစီးဌာနမှ CDM ဝန်ထမ်း တစ်ဦးဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေးအစပိုင်း တပ်ဖွဲ့ကိုစတင်ဖွဲ့စည်းချိန်ကတည်းက ပါဝင်လာသူဖြစ်သည်ဟု မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ်(၃) ယာယီတပ်ရင်းမှူး ကိုနောင်ရိုးက ပြောသည်။
“တပ်ရင်းမှာဆိုရင် သူက စံပြပုဂ္ဂိုလ်ပဲ။ အရက်၊ ဘီယာ၊ ဆေးလိပ်၊ ထန်းရည်ဆိုတာ လုံးဝမသောက်ဘူး။ အရှုပ်အရှင်းလည်းကင်းတယ်။ လောင်းကစားလည်း မလုပ်ဘူး။ အကုန်လုံးကို အမြဲတမ်း ငဲ့ညှာပြီး အကုန်လုံးအတွက် တွေးပေးတဲ့သူပါ။ ကျွန်တော်တို့အတွက်တော့ ဆုံးရှုံးမှုအကြီးကြီးပေါ့”ဟု ကိုနောင်ရိုးက ပြောသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ပါဝင်နေသည့် ကလေးခရိုင် အမှတ် ၆ တပ်ရင်း PDF ကလေးဝတပ်ဖွဲ့မှ တပ်ဖွဲ့မှူးအပါအဝင် ရဲဘော် ၁၇ ဦးသည်လည်း တိုက်ပွဲများအတွင်း သေဆုံးခဲ့ရသည်ဟု ထိုတပ်ဖွဲ့က စက်တင်ဘာလကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။ အာဏာသိမ်းစစ်တပ်ကို စတင်လက်နက်ကိုင်တော်လှန်ချိန် တူမီးဖြင့်စတင်ခဲ့ရပြီး အညာဒေသတွင် ပြောက်ကျား တိုက်ခိုက်မှုများသာ လုပ်နိုင်ခဲ့ရာမှ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ရှေ့တန်းစစ်မြေပြင်အတွင်း စစ်ရေး အတွေ့အကြုံအများပြား ရရှိခဲ့သည်ဟုလည်း ကိုနောင်ရိုးက ဆိုသည်။
“ကျွန်တော်တို့ အတွေ့အကြုံတွေလည်း အများကြီးရပါတယ်။ ပေးဆပ်မှုတွေလည်း အများကြီးပဲ။ ကျွန်တော်တို့ဘက်တွေမှာက စစ်ဆင်ရေးဖော်ဆောင်တာတွေက ပြောက်ကျား ဖော်ဆောင်တာတွေများတယ်။ ပျူစောထီးရွာတွေ လောက်ကိုတော့ သိမ်းနိုင်တာပေါ့။ မြို့ပြစစ်ဆင်ရေးတော့ မလုပ်ဖူးဘူး။ ဒီမှာတော့ ကျွန်တော်တို့ ထုနဲ့ထည်နဲ့ပေါ့။ သူတို့ဘက်ကလည်း ထုနဲ့ပဲ။ ကျွန်တော်တို့ဘက်ကလည်း ထုနဲ့ပဲ။ ထုထုချင်းကိုမှ အားပြိုင်ပြီးတိုက်ခိုက်ကြတာ”ဟု ကိုနောင်ရိုးက ပြောသည်။
ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့သည်။ ထိုတိုက်ပွဲကို ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်၍ အာရက္ခတပ်တော် (AA)၊ ကျောင်းသားတပ်မတော် (ABSDF)၊ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။
ဗန်းမော်မြို့သည် တရုတ်နယ်စပ်နှင့်မိုင် ၄၀ ခန့်သာဝေးပြီ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) အပါအဝင်အမြောက်တပ်များ၊ တင့်ကားတပ်နှင့်လက်ရုံးတပ်စသည့် စစ်စခန်းအများအပြား အခြေစိုက်ထား သည်။
ထို့ပြင် ဗန်းမော်မြို့သည် ကချင်ပြည်နယ်နှင့် နိုင်ငံအလယ်ပိုင်းကို ရေကြောင်း၊ ကုန်းကြောင်းဖြင့် ဆက်သွယ် နိုင်သည့် ဗျူဟာမြောက်မြို့ဖြစ်သည့်အတွက် မြို့ကိုလက်မလွှတ်ရရေး စစ်တပ်က အပြင်းအထန်ခုခံနေသည်။
လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်နီးပါးရှိနေသည့်အပြင် အကြီးမားဆုံးစိန်ခေါ်မှုသည် ဒရုန်းတိုက်ခိုက်မှု ဖြစ်ကြောင်း ဗန်းမော် ရှေ့တန်းစစ်မြေပြင်တွင် ခြောက်လကျော်ပါဝင်တိုက်ခိုက်ခဲ့သည့် ကိုနောင်ရိုးက ပြောသည်။ “ကျွန်တော်တို့အနေနဲ့ လေယာဉ်လာတာလောက်ကတော့ ခေါင်းထဲမထည့်ဘူး။ သိပ်လည်း မကြောက်ဘူး။ ဒရုန်းကိုတော့ တော်တော်ကြီးကြောက်ရတယ်။ ဒရုန်းရန်ကတော့ တော်တော်လေး ဒုက္ခပေးတယ်။ သူတို့ရဲ့ဒရုန်းတွေက အသေခံဒရုန်းတွေက ပိုပြီးတော့ ကြောက်ဖို့ကောင်းတယ်”ဟု ၎င်းကဆိုသည်။
“ဘန်ကာတွေ၊ ကတုတ်ကျင်းတွေထဲမှာ ဘယ်လိုကြီးပဲ လုံခြုံအောင်နေနေ၊ ကျွန်တော်တို့ ထမင်းစား ရေသောက် သို့မဟုတ် ဟိုနားဒီနား တာဝန်အရ ကင်းပတ်တာမျိုးတွေမှာ တစ်ချက်သူတို့အမြင်ခံလို့ မရဘူး။ မြင်တာနဲ့အဲ့ဒီနေရာတွေကို သူတို့ကမှတ်ပုံတင်ပြီးတော့မှ ကျွန်တော်တို့ကို လေယာဉ်နဲ့ချတယ်၊ ဒရုန်းနဲ့ပေါ့ တစ်ခါတည်း” ဟုလည်း ကိုနောင်ရိုးကပြောသည်။ ဆက်သွယ်ရေးဖြတ်တောက်စက် (ဂျန်မာ)များကို တော်လှန်ရေးအင်အားစုများက အသုံးပြုသော်လည်း ထိရောက်မှုနည်းပါးသည့် အခြေအနေဖြစ်သည်ဟု သိရသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း တစ်ခုလုံးနီးပါးကို လက်လွှတ်ခဲ့ရသည့် စစ်တပ်သည် ဒရုန်းနည်းပညာကို အဆင့်မြှင့်တင်သုံးစွဲလာပြီး ထောက်လှမ်းရေး ကင်းထောက်ဒရုန်း၊ တိုက်ခိုက်ရေးဗုံးကြဲဒရုန်းနှင့် အသေခံဒရုန်းများကို အဓိကသုံးနေကြောင်း ဒရုန်းဆိုင်ရာ ကျွမ်းကျင်သူများကဆိုသည်။
တစ်နှစ်နီးပါး (၁၁ လကျော်) ကြာမြင့်နေသည့် ဗန်းမော်တိုက်ပွဲတွင် KIA သည် ဗန်းမော်မြို့နေရာ အများစုကို သိမ်းပိုက်ထားနိုင်သည်။ စစ်ကော်မရှင်တပ်ကလည်း ရေကြောင်းရောလေကြောင်းမှပါ စစ်ကူနှင့် လက်နက်ခဲယမ်း ဖြည့်တင်းတိုက်ခိုက်သဖြင့် KIA သိမ်းပိုက်ထားသည့် ဗန်းမော်လေယာဉ်ကွင်း၊ မြို့ပေါ်ရပ်ကွက်အချို့ကို လက်လွှတ်ခဲ့ရသည်။ ဗန်းမော်မြို့ကိုအပြီးသတ်သိမ်းနိုင်ရေး နှစ်ဖက်အားပြိုင်နေဆဲဖြစ်ပြီး တိုက်ပွဲများဆက်ဖြစ်နေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြီးခဲ့သည့်ရက်ပိုင်းက ပြောဆိုထားသည်။

Hits: 0
