ဟောင်ကောင်မှာ မီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် လူ ၉၄ ဦးသေဆုံးပြီး ဒီမနက်အထိ လူ ၃၀၀ နီးပါးပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ လူထောင်ပေါင်းများစွာ နေစရာဆုံးရှုံးခဲ့ပြီး လူအသေအပျောက်များတဲ့ဆုံး မီးလောင်မှုနဲ့ပတ်သက်လို့ ဟောင်ကောင်က အာမခံလုပ်ငန်းတွေဟာ အာမခံငွေတောင်းခံမှုများစွာနဲ့ကြုံရတော့မှာဖြစ်ပါတယ်။ ဒီအဖြစ်ဆိုးဟာ မြို့တွင်း ချမှတ်ထားတဲ့ မူဝါဒတွေကို စမ်းသပ်မှုလည်းဖြစ်လာနိုင်ပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာက အာမခံယူထားတဲ့ တရုတ်တိုင်ပင်အာမခံလုပ်ငန်းဟာ ပျက်စီးမှုတွေအတွက် နစ်နာကြေး ဟောင်ကောင် ဒေါ်လာ ၂ ဘီလီယံ(ဒေါ်လာ သန်း ၂၆၀) ပေးအပ်ရနိုင်ခြေရှိတယ်လို့ တောင်တရုတ်နံနက်ခင်းသတင်းစာက ကြာသပတေးနေ့မှာဖော်ပြခဲ့ပါတယ်။ ဟောင်ကောင်မှာ ချမှတ်ထားတဲ့ မူဝါဒအရ သေဆုံးမှုတစ်ခု သို့မဟုတ် အိမ်ခြံမြေပိုင်ဆိုင်မှုထိခိုက်ဆုံးရှုံးမှုနဲ့ အခြားဆက်စပ်ထိခိုက်မှုတစ်ခုစီအတွက် ဟောင်ကောင်ဒေါ်လာ သန်း၂၀ ပေးအပ်ရမယ်လို့ သတင်းစာကဖော်ပြထားပါတယ်။

မီးလောင်ချိန်ကစလို့ အာမခံလုပ်ငန်းရဲ့ ရှယ်ယာတန်ဖိုးကျဆင်းသွားပါတယ်။မေးမြန်းမှုနဲ့ အာမခံနစ်နာကြေးတောင်းခံမှုတွေကို ကိုင်တွယ်ဖို့ ဟောင်ကောင်အာမခံအာဏာပိုင်အဖွဲ့က အထူးအဖွဲ့ကိုဖွဲ့စည်းထားပြီးပါပြီ။ နစ်နာကြေးရနိုင်ခြေနည်းသွားမှာစိုးတဲ့အတွက် အာမခံဝယ်ယူထားတဲ့ နစ်နာသူတွေဟာ အာမခံလုပ်ငန်းတွေကို အချိန်မဆိုင်းဘဲ ဆက်သွယ်ဖို့ တိုက်တွန်းချက်ထုတ်ပြန်ထားပါတယ်။

မီးအကြီးအကျယ်လောင်ကျွမ်းမှုရဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပေမဲ့ ကျွမ်းကျင်သူတွေကတော့ Wang Fuk Court မှာ မီးလောင်ရတဲ့အကြောင်းအရင်း၊ ပျက်စီးဆုံးရှုံးမှုကြီးမားပုံတွေရဲ့အကြောင်းအရင်းတွေကို ဝင်ရောက်ဆွေးနွေးပြောဆိုနေကြပါပြီ။ အဆောက်အအုံပြန်လည်ပြုပြင်ဖို့အတွက် အဆောက်အအုံတစ်ဝိုက်မှာ ငြမ်းတွေနဲ့ ပိုက်တွေတပ်ဆင်ထားခဲ့တာကို ထောက်ပြကြပါတယ်။

အဆောက်အအုံပတ်ပတ်လည်မှာ မီးလောင်လွယ်တဲ့ပစ္စည်းတွေကို ထားရှိလိုက်တာဟာ အဖြစ်ဆိုးရောက်လာဖို့ ဖိတ်ခေါ်လိုက်သလိုပဲလို့ ဩစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်က အင်ဂျင်နီယာ ပါမောက္ခဖြစ်သလို မီးဘေးလုံခြုံမှုအင်ဂျင်နီယာဘာသာရပ်ကျွမ်းကျင်သူလည်းဖြစ်တဲ့ ကွမ် ယိုးကပြောပါတယ်။

ဝါးနဲ့လုပ်ထားတဲ့ ငြမ်းတွေက အန္တရာယ်ပေးနိုင်သလို အပေါ်ကိုတင်ထားတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကြောင့်လည်း မီးလောင်နိုင်ခြေပိုများသွားတာလို့ ဂျွန်ဂျေးပြစ်မှုဆိုင်ရာတရားရေးကောလိပ်က တွဲဖက်ပါမောက္ခဖြစ်သလို မိုးမြင့်အဆောက်အအုံတွေမှာ မီးဘေးလုံခြုံမှုနဲ့ပတ်သက်လို့ ကျွမ်းကျင်သူလည်းဖြစ်တဲ့ ချား ဂျန်းနင်းကပြောဆိုခဲ့ပါတယ်။

အထပ်မြင့်အဆောက်အအုံတွေဟာ အင်မတန်ကိုမြင့်မားပြီး တစ်တိုက်နဲ့တစ်တိုက်ပူးကပ်နေတာကြောင့်လည်း မီးလောင်တဲ့အခြေအနေပိုမိုဆိုးရွားသွားတာဖြစ်တယ်လို့ သူကပြောပါတယ်။ အထပ်မြင့်အဆောက်အအုံတစ်လုံးရဲ့ အပြင်ဘက်မှာရှိတဲ့ အမြင့်ပိုင်းမှာ မီးလောင်တာကို ငြှိမ်းသတ်နိုင်ဖို့ ဘယ်မီးသတ်ဌာနမှာမှ ကိရိယာလုံလုံလောက်လောက်မရှိဘူးလို့ သူက ဘီဘီစီကိုပြောပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed