ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ကုချာ (Kuhchah) ကျေးရွာတွင် ဇန်နဝါရီလ ၂၂ ရက် ညပိုင်းက အိမ်ထောင်ဦးစီးဖြစ်သူ အမျိုးသားတစ်ဦးသည် ၎င်း၏ ဇနီးနှင့် ၁၂ နှစ်အရွယ် သမီးဖြစ်သူကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် ၎င်းကိုယ်တိုင်လည်း ပစ်ခတ်ကာ အဆုံးစီရင်သွားခဲ့သဖြင့် မိသားစုဝင် (၃) ဦး သေဆုံးခဲ့ရသည်။ ဇန်နဝါရီလ ၂၂ ရက်၊ ည ၁၁ နာရီကျော်အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အသက် (၃၃) နှစ်အရွယ် အိမ်ထောင်ဦးစီးဖြစ်သူ ဦးကျဲအိုနှင်းထန် (Pu Ceu Hnin Thang) သည် အိပ်ပျော်နေသော ဇနီးဖြစ်သူ ဒေါ်နီကျဲရ်နှမ် (Pi Ni Cer Hnem – ၃၄ နှစ်) နှင့် သမီးလတ်ဖြစ်သူ ပါအီယန်း (Par Iang – ၁၂ နှစ်) တို့ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှုကြောင့် ဇနီးဖြစ်သူမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။ သမီးဖြစ်သူမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သဖြင့် ဒေသခံများက ဆေးရုံသို့ ပို့ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း လမ်းခရီး၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားချိန်တွင် အိမ်၌ရှိနေသော သမီးအငယ်ဆုံးမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘဲ၊ သမီးအကြီးဆုံးမှာ ဟားခါးမြို့၌ ကျောင်းတက်ရောက်နေသဖြင့် ဘေးကင်းခဲ့သည်။ ပစ်ခတ်မှုဖြစ်စဉ်အတွင်း နေအိမ်ရှိ အဘိုးဖြစ်သူနှင့် အခြားသူများက သေနတ်ကို လုယူရန် ကြိုးစားခဲ့သော်လည်း ဦးကျဲအိုနှင်းထန်က သေနတ်မောင်းတံကို ခြေမဖြင့်နင်းကာ ၎င်း၏ မေးကို ပစ်ခတ်ပြီး နေရာတွင်ပင် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။ ဘေးကင်းသေဆုံးသူ မိသားစု (၃) ဦး၏ ရုပ်အလောင်းများကို ဇန်နဝါရီလ ၂၃ ရက်၊ ညနေ ၃ နာရီအချိန်တွင် မြေမြှုပ်သဂြိုလ်ခဲ့ကြောင်း သိရသည်။
ဦးကျဲအိုနှင်းထန်သည် မိသားစုကို ချစ်ခင်သူတစ်ဦးဖြစ်သော်လည်း လွန်ခဲ့သည့် ၂၀၂၅ ခုနှစ် ခရစ္စမတ်ကာလမှစ၍ စိတ်ကျန်းမာရေး ထိခိုက်မှုများ ရှိလာခဲ့ကြောင်း ဒေသခံများက ဆိုသည်။ ၎င်းသည် တစုံတစ်ယောက်က မိမိကို သတ်ဖြတ်ရန် ကြိုးစားနေသည်ဟု ထင်ယောင်ထင်မှားဖြစ်ခြင်း (Paranoia)၊ ကြောက်ရွံ့ခြင်း စသည့် လက္ခဏာများကို ပြင်းထန်စွာ ခံစားနေရသူဖြစ်သည်။
အချို့သတင်းရင်းမြစ်များက ၎င်းသည် အရက်အလွန်အကျွံသောက်သုံးသူဟု ဆိုသော်လည်း အခြားဒေသခံတစ်ဦးကမူ ၎င်းသည် အရက်သောက်သုံးလေ့မရှိဘဲ ဦးနှောက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့်သာ ယခုကဲ့သို့ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။ ၎င်း၏ စိတ်အခြေအနေ ဆိုးရွားလာသဖြင့် ရွာသားများနှင့် မိသားစုဝင်များက ညစဉ်မပြတ် စောင့်ရှောက်နေခဲ့ရသော်လည်း ယခုကဲ့သို့ အလစ်အငိုက်တွင် ဝမ်းနည်းဖွယ် ဖြစ်ရပ်ဆိုး ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။


Hits: 0
