မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် မြောက်ပိုင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၅ ရက် ညပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံအမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ တိုက်ခိုက်မှုကို ဇန်နဝါရီ ၂၅ ရက်၊ ည ၉ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ဂျက်ဖိုက်တာ (၂) စီးဖြင့် ကန်ရွာ၊ မောက်လင်းရွာနှင့် ကျောက်ဂူဘုန်းကြီးကျောင်း တောင်ဘက်နေရာများသို့ ဗုံးသီး (၃) လုံး ကျရောက်ပေါက်ကွဲစေခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ၎င်းတို့အနက် တစ်ဦးမှာ ပေါင်ပြတ်တောက်သည်အထိ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။ “ညက လာကြဲတာပါ။ တယောက်ကတော့ ပေါင်ပြတ်သွားတယ်ကြားတယ်။ ဒဏ်ရာရတာ ၄ ယောက်ရှိတယ်။ အဲဒီနေရာမှာ တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး၊” ဟု ဒေသခံအမျိုးသားတဦးက ပြောသည်။
စစ်ရေးလေ့လာသူများ၏ အဆိုအရ ဂန့်ဂေါဒေသသည် ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကလမ်းကြောင်းဖြစ်ပြီး တော်လှန်ရေးအင်အားစုများ အားကောင်းသည့်အတွက် စစ်ကောင်စီက မြေပြင်စိုးမိုးမှု ပြန်လည်ရရှိရန် အရပ်သားပစ်မှတ်များကို ဦးတည်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။
ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်ကလည်း ပေါက်နှင့် ထီးလင်းနယ်စပ်ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ၃ ရက်အတွင်း ယောဒေသ၌ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်အထိ ရှိလာခဲ့ပြီး ဘာသာရေးအဆောက်အအုံများအနီးပါ မရှောင် ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်သည်။
Hits: 0
