ချင်းပြည်နယ်အတွင်းရှိ စစ်ဘေးရှောင် ၁ သိန်းကျော်နှင့် အိန္ဒိယနိုင်ငံရောက် ဒုက္ခသည် ၆ သောင်းကျော်အတွက် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရာတွင် ရန်ပုံငွေမလုံလောက်မှုနှင့် သယ်ယူပို့ဆောင်ရေးစရိတ် အဆမတန်မြင့်မားမှုတို့ကြောင့် အမှန်တကယ်လိုအပ်ချက်၏ ၅ ရာခိုင်နှုန်းခန့်ကိုသာ ဖြည့်ဆည်းပေးနိုင်တော့ကြောင်း ချင်းရေးရာအဖွဲ့ချုပ် (ICA) က ထုတ်ဖော်ပြောကြားလိုက်သည်။

လက်ရှိတွင် ချင်းစစ်ဘေးရှောင်များအတွက် အကူအညီလိုအပ်ချက်၏ ၉၅ ရာခိုင်နှုန်းမှာ လစ်ဟာနေဆဲဖြစ်ပြီး အကူအညီမဲ့နေသည့် အခြေအနေဖြစ်ကြောင်း သိရသည်။ “ရန်ပုံငွေရှိရင်တောင်မှ ပစ္စည်းသယ်ယူပို့ဆောင်ရေးစရိတ်က ပစ္စည်းတန်ဖိုးနဲ့ အတူတူလောက် ဖြစ်နေတယ်။ နောက်ပြီး စစ်ရေးအခြေအနေကြောင့် လိုအပ်တဲ့အချိန်မီ မရောက်နိုင်တာတွေလည်း ရှိနေတယ်” ဟု ICA တာဝန်ရှိသူတဦးက လက်ရှိရင်ဆိုင်နေရသည့် ထောက်ပံ့ပို့ဆောင်ရေး အခက်အခဲကို ရှင်းပြသည်။

ကျန်းမာရေးကဏ္ဍတွင်လည်း ဆေးဝါးများကို မြေပြန့်ဘက်မှ သယ်ယူ၍မရခြင်းနှင့် မီဇိုရမ်ဘက်မှ သယ်ယူရာတွင် စရိတ်ကြီးမြင့်ခြင်းတို့ကြောင့် လုံလောက်မှု လုံးဝမရှိသေးပေ။ ထို့အပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြောင့် စစ်ဘေးရှောင်များအတွက် လုံခြုံသည့် ဆေးကုသရာနေရာများ ဖော်ဆောင်ရန်မှာ ကြီးမားသည့် စိန်ခေါ်မှုတရပ် ဖြစ်နေသည်။ ICA အနေဖြင့် အကူအညီများကို ခွဲဝေရာတွင် အမိုးအကာနှင့် စားနပ်ရိက္ခာ လုံးဝပြတ်လပ်နေသည့် ဒေသများကို ဦးစားပေးစံနှုန်းအဖြစ် သတ်မှတ်ထားသည်။

ပညာရေးအတွက် ရေရှည်စီမံကိန်းများ ရှိသော်လည်း ရန်ပုံငွေ အကန့်အသတ်ကြောင့် အကောင်အထည်ဖော်ရန် ခက်ခဲနေဆဲ ဖြစ်သည်။ “ကျနော်တို့ နိုင်ငံတကာနဲ့ ပြည်တွင်းအဖွဲ့အစည်းမှန်သမျှ ချိတ်ဆက်နေပါတယ်။ ဒါပေမဲ့ လူသားချင်းစာနာမှုကို အကြောင်းပြပြီး နိုင်ငံရေးအမြတ်ထုတ်ချင်တဲ့ အဖွဲ့အစည်းတွေကိုတော့ ကျနော်တို့ ရှောင်ကြဉ်ပါတယ်” ဟု ICA တာဝန်ရှိသူက ၎င်းတို့၏ ဘက်လိုက်မှုကင်းသော ရပ်တည်ချက်ကို Tongsan Media ကိုအတည်ပြုပြောကြားခဲ့သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed