ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့နယ်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက မြို့ပြဖွံ့ဖြိုးရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်နေချိန်၌ ဇိုမီးတော်လှန်ရေးတပ် (ZRA-EC) က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လာသဖြင့် စစ်ရေးတင်းမာမှု ပြန်လည်မြင့်တက်လာသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်၊ နံနက် ၅ နာရီဝန်းကျင်တွင် တွန်းဇံမြို့နယ်ရှိ ချင်းအမျိုးသားတပ်မတော် (CNA) တပ်မဟာ (၄) ရှေ့တန်းစခန်းနှင့် CDF-Tonzang ၏ နတ်ဇံကာကင်းစခန်းတို့ကို ZRA-EC ဘက်က ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှုတွင် ဗုံးသီးတလုံးသာ ပေါက်ကွဲခဲ့ပြီး လူနှင့် အဆောက်အအုံ ထိခိုက်မှုတစုံတရာ မရှိခဲ့ကြောင်း CDF-Tonzang က အတည်ပြုထုတ်ပြန်သည်။ လက်ရှိတွင် တွန်းဇံမြို့နယ်ကောင်စီ (TC) နှင့် CDF-Tonzang တို့သည် စစ်ဘေးသင့်ပြည်သူများ ပြန်လည်ခြေချနိုင်ရန် မြို့ကွက်သစ်ဖော်ထုတ်ခြင်းနှင့် အုပ်ချုပ်ရေးယန္တရား တိုးချဲ့ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။ ဤသို့ မြို့ပြတည်ငြိမ်ရေး ဖော်ဆောင်နေစဉ်အတွင်း ဖြစ်ပွားလာသည့် တိုက်ခိုက်မှုသည် စစ်ရေးအရ အသာစီးရရန်ထက် ‘တွန်းဇံသည် တည်ငြိမ်မှုမရှိသေးကြောင်း’ပြသလိုသည့် စိတ်ဓာတ်စစ်ဆင်ရေးဖြစ်ပြီး၊ အုပ်ချုပ်ရေးခြေလှမ်းများကို ဟန့်တားလိုခြင်းဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။

တွန်းဇံမြို့နယ်သည် ၂၀၂၄ ခုနှစ် မေလတွင် ချင်းလဲန်းကောင်စီ (CC) နှင့် ချင်းပြည်အစိုးရတပ်ဖွဲ့များက သိမ်းပိုက်ခဲ့သော နယ်မြေဖြစ်သည်။ သို့သော်လည်း စစ်ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု စွပ်စွဲခံထားရသော ZRA-EC သည် ၂၀၂၅ ခုနှစ် ဧပြီလတွင် မြို့ကို ပြန်လည်သိမ်းပိုက်ရန် နှစ်ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့ဖူးသည်။ ထိုစဉ်က ဆုတ်ခွာသွားရသည့် ZRA-EC တပ်ဖွဲ့များသည် နတ်ဇံ (Nakzang) နှင့် ဘွမ်မွာလ် (Buangmual) ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည့် သမိုင်းကြောင်းရှိခဲ့သဖြင့် ယခုတိုက်ခိုက်မှုအပေါ် ဒေသခံများက ပိုမိုစိုးရိမ်နေကြခြင်းဖြစ်သည်။

အဆိုပါ ပဋိပက္ခများနှင့် ပတ်သက်၍ Zomi Revolutionary Army – Eastern Command (ZRA-EC) ဘက်ကမူ ၎င်းတို့၏ လှုပ်ရှားမှုများသည် ဇိုမီးလူမျိုးတို့၏ နယ်မြေလုံခြုံရေးနှင့် မိမိကိုယ်ကို ခုခံကာကွယ်ခြင်း (Self-Defense) သာဖြစ်ကြောင်း အစဉ်တစိုက် ပြောဆိုလေ့ရှိသည်။ ၎င်းတို့သည် စစ်ကော်မရှင်နှင့် ပူးပေါင်းနေသည်ဟူသော စွပ်စွဲချက်များကို ငြင်းဆိုလေ့ရှိပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့များဘက်ကသာ ၎င်းတို့၏ ဩဇာညောင်းရာ နယ်မြေများအတွင်း ကျူးကျော်ဝင်ရောက်လာခြင်းဖြစ်သည်ဟု တုံ့ပြန်ထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed