မီဇိုရမ်ပြည်နယ်တွင် အကြီးဆုံးသောအရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် ဗဟိုမီဇိုးလူငယ်အသင်း(CYMA) က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား ခြံစည်းရိုးခတ်မည့်အစီစဉ်ကို ၎င်းတို့အနေဖြင့် မလိုလားကြောင်း အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေး ဝန်ကြီးဌာမှ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်ဟု သိရသည်။

ဗဟိုမီဇိုးလူငယ်အသင်း(CYMA) ဥက္ကဌ Pu R.Lalngheta၊ ဒုဥက္ကဌ Prof. Lalnuntluanga, အတွင်းရေးမှူး Prof. Malsawmliana နှင့် ဘဏ္ဍာရေးမှူး H Duhkima တို့သည် ဗဟိုအစိုးရပြည်ထဲရေးဝန်ကြီးဌာန အတွင်းရေးမှူး Govind Mohan နှင့် နယူးဒေလီမြို့မှာ ဇန်နဝါရီလ ၂၇ ရက်နေ့က တွေ့ဆုံကာ နယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်ကို ဆွေးနွေးခဲ့ကြသည်ဟု Vanglaini သတင်းစာမှာဖော်ပြသည်။

အိန္ဒိယ-မြန်မာနယ်စပ် အထူးသဖြင့် မီဇိုရမ်ပြည်နယ် နှင့် ချင်းပြည်နယ်အကြား နယ်စပ်စပ်တံတိုင်း ခြံစည်းရိုးခတ်မည့် အစီစဉ်နှင့်ပတ်သက်၍ CYMA ၏ သဘောထားကို မေးမြန်းတောင်းခံရာမှာ နယ်စပ်ခြံစည်းရိုးခတ်ခြင်းသည် ချင်း(ဇို) မျိုးနွယ်စုညီအကိုများ၏ သွေးစည်ညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှုအား ထိခိုက်စေနိုင်သည့်အတွက် ခြံစည်းရိုးခတ်ခြင်းကို မလိုလားကြောင်း တင်ပြခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် မီဇိုရမ်ပြည်နယ်လွှတ်တော်မှာလည်း အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည့်အစီစဉ်ကို ကန့်ကွက်သည့်အဆိုကို သဘောတူဆုံးဖြတ်ခဲ့ကြပြီးဖြစ်သည့်အပြင် မီဇိုရမ်ပြည်နယ် နှင့် ဘင်္ဂလားဒေရှ့်နယ်စပ်ခြံစည်းရိုးခတ်သည့်အနေအထားကိုကြည့်လျှင် မီဇိုရမ်ပြည်နယ်ဘက်က နယ်မြေအမြောက်အများဆုံးရှုံးမှုရှိခဲ့ကြောင်း CYMA က အိန္ဒိယ ဗဟိုပြည်ထဲရေးဝန်ကြီးဌာန အတွင်း ရေးမှူးထံ တင်ပြပြောဆိုခဲ့ကြသည်ဟု သိရသည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံ၊ ချင်းပြည်နယ် နယ်စပ်မှာ ခြံစည်းရိုးခတ်ဖို့ တာဝန်ရှိသူများက မြေပြင်ဆင်းပြီး ကွင်းဆင်းလေ့လာနေတယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၂၈ ရက်မှာ နယ်စပ်လမ်းအဖွဲ့အစည်း ( Border Road Organization – BRO ) အရာရှိများနဲ့ အာသံရိုင်ဖယ်ခေါင်းဆောင်တချို့ဟာ မီဇိုရမ်ပြည်နယ်နဲ့ ချင်းပြည်နယ် နယ်စပ် တီအိုချောင်းအနီးအနားမှာ ကွင်းဆင်း လေ့လာမှုများပြုလုပ်ခဲ့ကြတာလို့ သိရပါတယ်။

ယခုကွင်းဆင်းစစ်ဆေးနေတဲ့နေရာဟာ မီဇိုရမ်ပြည်နယ်၊ Hnahthial ခရိုင်ထဲမှာဖြစ်ပြီး Hnahthial ခရိုင်အတွင်း တခုတည်းသောဝင်/ထွက်ပေါက်ဖြစ်တဲ့ Thingsai ကျေးရွာ နဲ့ အနီးတဝိုက်ကို ကွင်းဆင်လေ့လာခြင်းဖြစ်ကာ BRO ဘက်မှ Umesh Kumar နဲ့ အာသံရိုင်ဖယ်ဘက်မှ Naik Subedar Pritam Chand တို့ ဦးဆောင်ခဲ့ကြတယ် လို့သိရပါတယ်။

နယ်စပ်ခြံစည်းရိုးခတ်မယ့်နေရာ ကွင်းဆင်းလေ့လာခြင်းကို အဖွဲ့အစည်းအသီးအသီးမှ ကိုယ်စားလှယ်များက ပြုလုပ်လေ့ရှိပေမယ့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ ဆုံးဖြတ်ချက်အရ ဒီတာဝန်ကို BRO နဲ့ အာသံရိုင်ဖယ်ထံ တာဝန်ပေးထားတာကြောင့် လက်ရှိမှာ သူတို့ကတာဝန်ယူ လေ့လာနေတာ ဖြစ်ပါတယ်။

ယခုလိုနယ်စပ်ခြံစည်းရိုးခတ်မယ့် အစီစဉ်ကို အိန္ဒိယဗဟိုအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနက ဦးဆောင်စီစဉ်နေခြင်းဖြစ်ပြီး ဒီလိုလုပ်ဆောင်ခြင်းက ချင်း (ဇို ) လူမျိုးများကို ကွဲပြားစေမှာဖြစ်လို့ ကန့်ကွက်ကြောင်း မီဇိုရမ် ပြည်နယ်အစိုးရ၊အရပ်ဘက်အဖွဲ့အစည်းများဖြစ်ကြတဲ့ CYMA နဲ့ ZORO တို့အပြင် မီဇိုရမ်ပြည်နယ်ထဲက အဖွဲ့အစည်းအများအပြားက ပြောဆိုထား ကြပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed