ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဆွမ်ဟရန်ကျေးရွာတိုက်ပွဲတွင် စစ်ကော်မရှင်တပ်သား ၄ ဦး သေဆုံးခဲ့ပြီးနောက်၊ စစ်ကော်မရှင်က အနီးနားရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ငန်ဇောလ် (Nganzawl) ကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၇၀ အရွယ် အဘွားအိုတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ​

ဇန်နဝါရီလ ၃၁ ရက် နံနက်ပိုင်းတွင် ဖလမ်းမြို့အရှေ့ဘက်ခြမ်း ဆွမ်ဟရန် (Sumhrang) ကျေးရွာ၌ အခြေစိုက်ထားသည့် စစ်ကော်မရှင်စစ်ကြောင်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ ၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါတိုက်ပွဲဖြစ်ပွားပြီးနောက် နံနက် ၁၁ နာရီခွဲခန့်တွင် စစ်ကော်မရှင်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ငန်ဇောလ်ကျေးရွာအတွင်းသို့ ဂျက်ဖိုက်တာဖြင့် ဗုံး ၄ ကြိမ် ကြဲချခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုကြောင့် အသက် ၇၀ အရွယ် ဒေသခံအဘွားအိုတစ်ဦး သေဆုံးခဲ့ပြီး အရပ်သားနေအိမ် ၁၀ လုံးခန့် ထိခိုက်ပျက်စီးသွားခဲ့သည်။ ​“ရွာမှာ တိုက်ပွဲမရှိဘဲနဲ့ လေယာဉ်နဲ့ လာကြဲတာ။ အဘွားအိုတစ်ဦး ဆုံးသွားပြီး အိမ်တွေလည်း တော်တော်ပျက်စီးကုန်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းကလည်း ဖလမ်းမြို့နယ် ဆိမ်ဒီဟိုင် (Sim Dihai) ကျေးရွာကို စစ်ကော်မရှင်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် အရပ်သားနေအိမ် ၃ လုံးခန့် မီးလောင်ပျက်စီးခဲ့သေးသည်။ ဖလမ်းမြို့နယ်အတွင်း စစ်ကော်မရှင်တပ်များ စစ်ရေးအရ အထိနာသည့်အခါတိုင်း အနီးနားရှိ လူနေကျေးရွာများကို ပစ်မှတ်ထားကာ လေကြောင်းမှ လက်တုံ့ပြန်တိုက်ခိုက်လေ့ရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed