ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ပြည်လည်သိမ်းပိုက်ဖို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ချင်းတော်လှန် ရေးပူးပေါင်းတပ်ဘက်မှ တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်မှူးအပါအဝင် ၃၆ ဦးကျော်သေဆုံးပြီး ၂၀ ကျော်ထိခိုက်ဒဏ် ရာရခဲ့ကြတယ်လို့ သိရပါတယ်။ သိုင်းငင်းဘက်ကနေ စစ်ကြောင်းသုံးကြောင်းဖြင့် တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒီကနေ့ မနက်ပိုင်းမှာ Khuangli ရွာ နဲ့ Zawnglei ရွာ အနီးတဝိုက်မှာ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

“မနေ့က ၃ ရက်နေ့ တိုက်ပွဲမှာတော့ ဗိုလ်မှူး ၁ ဦးအပါအဝင် ၃၆ ယောက်တော့ အလောင်းရရှိတယ်။ ဒဏ်ရာ ရတဲ့ လူကတော့ ဒီထက်များနိုင်တယ်။ ကျနော်တို့ ကြားသိရသလောက်တော့ အယောက် ၂၀ လောက် ဒဏ်ရာ ရတယ်လို့ ကြားတယ်။ အဲ့ဒီ တိုက်ပွဲတွေကိုတော့ ချင်းညီနောင် (CB) ပူးပေါင်းတပ် နဲ့ ချင်းအမျိုးသားတပ်ဦး CNA/CNF ပူးပေါင်းတပ်တွေက ပူးပေါင်း စစ်ဆင်ရေး ဆင်နွဲ့ခဲ့တာ ဖြစ်ပြီး တော်လှန်ရေးရဲဘော် လေးဦး ကျဆုံးခဲ့သလို ခုနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်” လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“တိုက်ပွဲက နေ့စဉ်နဲ့အမျှ အချိန်မရွေး ဖြစ်နိုင်တဲ့ အခြေအနေတော့ ရှိတယ်။ ဒီနေ့ လုံးဝမဖြစ်ဘူးဆိုတာတော့ မရှိဘူး။ ဒီဘက်ကို လာနေတဲ့ စစ်ကြောင်းတွေကို အကုန်လုံး ဝိုင်းပိတ်ထားတော့ ဟိုဘက်ကလည်း မတိုးနိုင်အောင်၊ ဒီဘက်ကလည်း ဝိုင်းဝန်းပိတ်ထားတာ ဖြစ်တော့ အချိန်မရွေး တိုက်ပွဲ ထိတွေ့မှု ဖြစ်နိုင်တယ်” ဟု Chinland Council, ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Salai Nai John Kim က ပြောသည်။

တိုက်ပွဲတွင် လက်နက်ကြီး၊ လက်နက်ငယ် ၃၀ ခန့် နှင့် ခဲယမ်းအများအပြားကို သိမ်းဆည်းရမိပြီး စစ်ကော်မရှင် တပ်စွဲထားသော စခန်းကုန်း တစ်ခုကိုလည်း သိမ်းဆည်းရမိကြောင်း သိရသည်။ စစ်ကော်မရှင်တပ်သည် တိုက်ပွဲအတွင်း လေကြောင်းပစ်ကူပေးခြင်းထက် ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကို အများအပြား အသုံးပြုခဲ့သည်ဟု သိရသည်။

စစ်ကော်မရှင်စစ်ကြေား ၂ ကြောင်းကို ချင်းပူးပေါင်းတပ်က ခုခံတွန်းလှန်လျက်ရှိရာ ဖလမ်းမြို့နယ် Khuangli နှင့် Sumhrang ရွာအနီးတွင် စစ်ကော်မရှင်တပ်သည် ရှေ့ဆက်မတိုးနိုင်ဘဲ တန့်နေခဲ့သောကြောင့် ဇန်နဝါရီလ ၂၀ ရက်က ကလေးမြို့မှ စစ်ကူ အင်အား ၃၀၀ ခန့်ကို ထပ်မံစေလွှတ်လာခြင်းဖြစ်သည်။ ဒါ့အပြင် အကြမ်းဖက်စစ်တပ်က Khuangli ကျေးရွာဘက်ကို E20 လေယာဉ်ဖြင့် နှစ်ကြိမ်ရိက္ခာလာချတယ်လို့ လည်းသိရပါတယ်။

ဖလမ်းမြို့ အပါအဝင် ချင်းပြည်ရှိ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဆူရ်ခွား မြို့တွေကို ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက် ထိန်းချုပ်ထားပြီး ပလက်၀နဲ့ ဆမီးမြို့တွေကို အာရက္ခတပ်တော် (AA) က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။ စစ်အုပ်စု အနေနဲ့ ဟားခါး၊ ထန်တလန်၊ တီးတိန်နဲ့ ခိုင်ကမ်းမြို့ တို့ကို ဆက်လက် ထိန်းချုပ်ထားနိုင်ပြီး လွန်ခဲ့တဲ့ လတွေအတွင်း တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ‌ဝေဘူလမြို့ကို စစ်အုပ်စုက ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed