အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်ကချင် (KIO)၊ ကရင် (KNU)၊ ကရင်နီ (KNPP)၊ ချင်း (CNF) စသည့် တိုင်းရင်းသားတော်လှန်ရေး အင်အားစု ၅ ဖွဲ့တို့သည် တော်လှန်ရေးအောင်မြင်စွာ ဆင်နွှဲနိုင်ရေးနှင့် ခိုင်မာသော ဦးဆောင်မှုယန္တရား ပေါ်ပေါက်လာရေးအတွက် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အရေးကြီးသော ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း KIC ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ဖေဖော်ဝါရီ ၅ ရက်တွင် လူသိရှင်ကြား အသိပေးပြောကြားလိုက်သည်။
အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်တွင် ကျင်းပသည့် (၆၅) ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားသို့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က အွန်လိုင်းမှတဆင့် ပါဝင်တက်ရောက်စဉ် ဤဆွေးနွေးပွဲအကြောင်းကို ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ၎င်းက လက်ရှိတွင် မီဒီယာများ၌ ရေပန်းစားနေသည့် “ဖက်ဒရယ်ဦးဆောင်ကောင်စီ” ဆိုသည့် အသုံးအနှုန်းမှာ မျှော်မှန်းချက်အဆင့်သာရှိပြီး အတည်ပြုပြီးသည့် အဖွဲ့အစည်း မဟုတ်သေးကြောင်း၊ သို့သော် တော်လှန်ရေးကို အောင်မြင်အောင် မည်သို့ဆင်နွှဲမလဲဆိုသည်ကို ဦးစားပေးညှိနှိုင်းနေကြောင်း ဆိုသည်။
တော်လှန်ရေးအင်အားစုများအနေဖြင့် မှန်ကန်သော လမ်းကြောင်းပေါ်တွင် စုစည်းညီညွတ်စွာရပ်တည်ပြီး အပြန်အလှန် လေးစားအသိအမှတ်ပြုရန် လိုအပ်ကြောင်း၊ စစ်ရေးနှင့် နိုင်ငံရေးကို လိမ္မာပါးနပ်စွာ ပေါင်းစပ်ညှိနှိုင်းခြင်းသည် အောင်မြင်မှုအတွက် အဓိကသော့ချက်ဖြစ်ကြောင်းလည်း ၎င်းက ထောက်ပြခဲ့သည်။ ထို့အပြင် တော်လှန်ရေးတွင် ပြည်သူလူထု၏ ပါဝင်မှုနှင့် အရင်းအမြစ်များကို ထိရောက်စွာ အသုံးပြုနိုင်ရန် မိမိကိုယ်ကိုယ် ပြန်လည်စိစစ်ကြရန်လည်း တိုက်တွန်းခဲ့သည်။
ယခုဆွေးနွေးပွဲတွင် ပါဝင်သည့် ၅ ဖွဲ့သည် “K7” ဟု လူသိများသည့် မဟာမိတ်အစုအဖွဲ့အတွင်းမှ အဓိကအင်အားကြီး အဖွဲ့အစည်းများ ဖြစ်ကြသည်။ စစ်ကော်မရှင်တပ်ကို ခုခံတော်လှန်ရာတွင် မြေပြင်စစ်ရေးအရသာမက နိုင်ငံတကာဆက်ဆံရေးနှင့် အုပ်ချုပ်ရေးယန္တရားများတွင်ပါ ပိုမိုအားကောင်းသော “Joint Leadership” (ပူးတွဲဦးဆောင်မှု) ပေါ်ပေါက်လာရန် ပြည်သူလူထုက မျှော်လင့်နေချိန်တွင် ဤဆွေးနွေးပွဲ ပေါ်ပေါက်လာခြင်းဖြစ်သည်။




Hits: 0
