ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၌ စစ်ကောင်စီရဟတ်ယာဥ်ကို ယနေ့(မေ ၆) ပစ်ချခဲ့ရာ အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) ပြောရေးဆိုခွင့်ရှိသူ ရဲဘော် လောရင်စိုးက ပြောသည်။
“ပျက်ကျတဲ့နေရာက ဝေးတယ်။ ပွန်ချောင်းအရှေ့ဘက်လောက်မှာ၊ ဘော်လခဲနားကပ်သွားတာပေါ့။ MI 2 ထင်တယ်။ MI 2 (တိုက်ခိုက်ရေးရဟတ်ယာဥ်)လို့ပြောတယ်” ဟု ကလလတ၏ တွဲဖက်အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူ ရဲဘော်လောရင်စိုးက ပြောသည်။
ယနေ့ (မေလ ၆ ရက်) နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် စစ်ကောင်စီ ရဟတ်ယာဥ်ကို ကရင်နီတပ်ပေါင်းစုများမှ ပွိုင့် (၈)မောင်းပြန် နှစ်လက်ဖြင့် ပစ်ချခဲ့ရာ ရဟတ်ယာဉ်မှာ ဘော်လခဲမြို့နယ်အတွင်းပျက်ကျခဲ့သည်ဟု KNPLF က အသိပေးထားသည်။ အဆိုပါ စစ်ကောင်စီရဟတ်ယာဥ်ပျက်ကျမှုတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးနှစ်ဦး၊ ပိုင်းလော့ဗိုလ်တစ်ဦး၊ အခြားအဆင့် လေးဦး စုစုပေါင်း ၇ ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း ရဲဘော်လောရင်စိုးက အတည်ပြုသည်။
“တိုက်ခိုက်ရေးယာဥ်ပဲဗျ။ ဖားဆောင်းမှာ ဒဏ်ရာရလူနာတွေ လာသယ်တာလား၊ အရာရှိတွေ လာပြန်သယ်သွားတာလား၊ အဲဒါတော့ အတိအကျမသိဘူး” ဟု ၎င်းက ဆိုသည်။ ပျက်ကျသည့်နေရာကို စစ်ကောင်စီတပ်က လေကြောင်းအကာအကွယ်ယူကာ ရဟတ်ယာဥ်အပျက်အစီးများ၊ စစ်ကောင်စီအလောင်းများ၊ ဒဏ်ရာရသူများကို ရှင်းလင်းသယ်ဆောင်သွားကြောင်း ရဲဘော်လောရင်စိုးက ရှင်းပြသည်။ ယနေ့ ပျက်ကျသော MI 2 တိုက်ခိုက်ရေးရဟတ်ယာဥ်မှာ ပိုလန်နိုင်ငံထုတ်ဖြစ်ပြီး ပိုင်းလော့တစ်ဦးတည်းမောင်းဖြစ်ကာ ရဟတ်ယာဥ်ပေါ် ၈ ဦး သို့မဟုတ် ၁၀ ဦး တင်ဆောင်နိုင်ကြောင်း သိရသည်။
ရဟတ်ယာဥ်ပစ်ချခဲ့မှုနှင့်ပတ်သက်၍ KNPLF ဗျူဟာ (၁)က ထုတ်ပြန်သော ၂ မိနစ် ၈ စက္ကန့်ကြာသည့် ရုပ်သံမှတ်တမ်းတွင် ရဲဘော်များက ပွိုင့် ၈ မောင်းပြန်သေနတ်များဖြင့် ပစ်ခတ်နေသည်ကို တွေ့ရသည်။ သို့သော် ရုပ်သံမှတ်တမ်းတွင် ရဟတ်ယာဥ်ပျက်ကျခဲ့သည်ကိုမူ မတွေ့ရပေ။ ဖားဆောင်း PDF တာဝန်ရှိသူက “ရဟတ်ယာဥ်တစ်စီးကျပါတယ်။၂ စီးလာတာတစ်စီးပစ်နိုင်ခဲ့တာပါ။ ပျက်ကျတဲ့ရဟတ်ယာဥ်ကို ကျွန်တော်တို့ ကပ်မရအောင် ဂျက်ဖိုက်တာ နှစ်စီးနဲ့ဝန်းရံထားတယ်”ဟု ပြောသည်။
အဆိုပါရဟတ်ယာဥ်သည် ကရင်နီဒေသ ဖားဆောင်းမြို့တွင် နောက်ဆုံးကျန်နေသည့် ခလရ(၁၃၄) နှင့် ခလရ (၁၃၅)သို့ စစ်ကူအဖြစ်လာရောက်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။ ပွန်ချောင်းအတိုင်း ဖားဆောင်းမြို့သို့လာသည့် ရဟတ်ယာဥ်တစ်စီးကို ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) ဗျူဟာ(၁) ပစ်ချခဲ့ခြင်းဟု လည်း ပြောသည်။
MI-2 ရဟတ်ယာဥ်များမှာ ရုရှားနှင့် ပိုလန်နိုင်ငံတို့မှ ထုတ်လုပ်သည်။၂၀၁၆ ဇွန် ၁၄ ရက်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေးရှိ ပဲခူးတိုင်း ၊ဒိုက်ဦးမြို့နယ် တွင်ပျက်ကျခဲ့ဖူးပြီး လေယာဥ်မောင်းများသေဆုံးခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးတပ်များက ပစ်ချဖျက်ဆီးနိုင်ခဲ့သော တိုက်လေယာဥ် ၊ရဟတ်ယာဥ် စုစုပေါင်း ၈ စီး ရှိလာပြီး ၊ကရင်နီတပ်ပေါင်းစုက ၃ စီးပစ်ချထားသည်။
Hits: 0