ချင်းပြည်နယ်၊ တီးတိန်မြို့နယ် တီးတိန် – ရိဒ် နယ်စပ်ကုန်သွယ်ရေးလမ်းမပေါ်က မံဆောင်းမြစ်ကူးတံတားကို ဇွန်လ ၈ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ တီးတိန်မြို့ခံတွေက ပြောပါတယ်။ အင်အားလေးဆယ်ကျော်ပါတဲ့ စစ်ကြောင်းဟာ မံဆောင်းတံတားအနီးက လမ်းဇန်ရွာကို ဒီနေ့မနက်ပိုင်း ဝင်ရောက်စီးနင်းခဲ့ပြီးနောက် တံတားကိုပါ မိုင်းခွဲဖျက်ဆီးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက Tongsan Media ပြောပါတယ်။

“မိုင်းခွဲသံတော့ကြားတယ်။ ဘာမှန်းသေချာမသိဘူး။ နေ့လယ်ကမှ မံဆောင်းတံတားကို ဖျက်ဆီးသွားမှန်း သိတာပေါ့။ ပြတ်ကျမသွားပေမဲ့ လုံးဝသွားလို့ မရတော့ဘူး။ အခုက မိုးတွင်းဆိုတော့ တောင်ကျရေလည်းများတော့ တံတားအောက်ကနေလည်း သွားမရတော့ဘူး” မံဆောင်းတံတားဟာ မဏိပူရမြစ်ပေါ်မှာရှိတဲ့ ကြိုး တံတားအမျိုးအစားဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျတယ်လို့ ဆိုပါတယ်။ အဲဒီတံတားပေါ်ကနေ တစ်ပိုင်တစ်နိုင်ကုန်သွယ်သူတွေ နေ့စဉ်ဖြတ်သန်းနေကြရတာဖြစ်ပြီး အခုလို တံတား ပျက်စီးသွားတာကြောင့် ကုန်စည်ရှားပါးမှုဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ တီးတိန်မြို့မှာ ရပ်ကွက်လေးခု၊ ကျေးရွာ ၅၅ ရွာနဲ့ လူဦးရေ ရှစ်သောင်းကျော် နေထိုင်ပါတယ်။အဲဒီအထဲ မြို့မရပ်ကွက်နဲ့ လွယ်ဘွားလ်ရပ်ကွက်က နေအိမ်ရှစ်ဆယ်နီးပါးကတော့ အခု ၂၀၂၄ ခုနှစ်အတွင်းမှာပဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed